ဂျုဗင်တပ်အသင်းမှာ (၂၀၁၀) ခုနှစ်ကနေ (၂၀၁၂) ခုနှစ်အထိ အငှားနဲ့ ကစားခဲ့တဲ့ ဂျုဗင်တပ် တိုက်စစ်မှူးဟောင်း လူကာ တိုနီကတော့ နည်းပြ ပီယာလိုဟာ အသင်းကို ကွင်းလယ်က စပြီး တည်ဆောက်မှာ ဖြစ်လို့ ဂျုဗင်တပ်အသင်းအနေနဲ့ ပေါ့ဘာကို ပြန်ခေါ်သင့်တယ်လို့ ဆိုပါတယ်။ လက်ရှိ မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ဂျုဗင်တပ်အသင်းမှာ (၂၀၁၂) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ ကစားခဲ့စဉ်က ဂျုဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၇၈) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၄) ဂိုး သွင်းယူပြီးနောက် အသင်းပြောင်းသွားခဲ့ပါတယ်။

 

Photo Credit: AS

ဂျုဗင်တပ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လိုင်ယွန်အသင်းကြောင့် ချန်ပီယံ လိဂ် ပြိုင်ပွဲက ထွက်သွားခဲ့ပြီးတဲ့နောက် နည်းပြ ဆာရီကို ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ပီယာလိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်သွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ဂျုဗင်တပ်အသင်းမှာ (၄) နှစ်ကြာ ကစားခဲ့စဉ်က အဓိက ဆုဖလား (၈) ခု ရရှိခဲ့တာ ဖြစ်ပြီး ဂျုဗင်တပ် တိုက်စစ်မှူးဟောင်း လူကာ တိုနီကတော့ ဂျုဗင်တပ်အသင်း အနေနဲ့ နည်းပြ ပီယာလိုအတွက် ကွင်းလယ်လူ ပေါ့ဘာကို ပြန်ခေါ်သင့်တယ်လို့ ဆိုပါတယ်။

Photo Credit: AS

လူကာ တိုနီက “နည်းပြ ပီယာလိုကို သိရသလောက် ဆိုရင် သူက သူ့ရဲ့ ဂျုဗင်တပ်အသင်းကို ကွင်းလယ်ကနေ စတည်ဆောက်ပါလိမ့်မယ်။ အကောင်းဆုံး ခေါ်ယူမှုက ပေါ့ဘာ ဖြစ်လိမ့်မယ်။ ဒီဟာက ဖြစ်လာနိုင်မလား ဆိုတာ ကျွန်တော် မသိပေမယ့် ဒီဟာက အကောင်းဆုံး ရွေးချယ်မှု လုံးဝ ဖြစ်ပါလိမ့်မယ်။ နည်းပြ ပီယာလိုက နောက်တန်း နဲ့ တိုက်စစ်ကို ဦးစားပေးပြီး နည်းပြမယ့် နည်းပြ မဟုတ်ပါဘူး။ သူက ဘောလုံး ပိုင်ဆိုင်မှုကို လွမ်းမိုးချင်နေပြီး အဲဒါကို သူ့ရဲ့ အသင်းမှာ ရှိစေချင်ပါလိမ့်မယ်။ သူ ဘယ်လို နည်းစနစ်ကို အသုံးပြုမလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါက အရေးကြီးဆုံး ဖြစ်မယ်လို့လည်း မထင်ပါဘူး။ နည်းပြ ပီယာလိုက ဉာဏ်ရည်ထက်မြက်ပြီး အပြောင်းအလဲ ပြုလုပ်နိုင်တဲ့ သူ ဖြစ်ပါတယ်”လို့ Tuttosport သတင်းမှာ ပြောကြားခဲ့ပါတယ်။