မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အောင်မြင်မှုများစွာကို ရယူခဲ့ဖူးပြီး အသင်းရဲ့သမိုင်းဝင်အောင်မြင်ခဲ့တဲ့ ၁၉၉၉ခုနှစ်တုန်းက ဖလား(၃)လုံး ချန်ပီယံဖြစ်ဖို့ အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ယူနိုက်တက်ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာအနေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြသလို အနာဂတ်လှုပ်ခတ်နေတာမဟုတ်ပဲ လာမယ့်ရာသီမှာလည်း ယူနိုက်တက်အသင်းသားတစ်ယောက်အဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကမှ ဂျုဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၄)နှစ်လောက် ဖြတ်သန်းခဲ့တဲ့ အချိန်အတွင်းမှာ ကွင်းအတွင်းကွင်းအပြင် အငြင်းပွားဖွယ်ရာတွေ မကြာခဏဖြစ်လေ့ရှိသလို စျေးကွက်တိုင်းလိုလိုမှာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်တော့မယ့် ကောလဟလသတင်းတွေ ခဏခဏ ထွက်ပေါ်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ပေါ့ဘာက ယူနိုက်တက်မှာ ဆက်လက်ရှိနေဖို့ သေချာမှုမရှိသေးဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသေးသော်လည်း ရှမိုက်ကယ်ကတော့ ပေါ့ဘာကို အသင်းမှာပဲ ဆက်လက်ရှိနေမယ်ဆိုတာကို ယုံကြည်လို့နေပါတယ်။

Photo Credit : Getty Image

ရှမိုက်ကယ်က “ပေါ့ဘာ အသင်းမှာပဲ ဆက်လက်ရှိနေမယ်ဆိုတာကို ကျွန်တော်ကတော့ အကြွင်းမဲ့ယုံကြည်ပါတယ်။ နောက်ပြီးတော့ တခြားသော ကစားသမားတွေကိုလည်း လာမယ့်ရာသီအထိ အသင်းမှာ ဆက်လက်မြင်တွေ့နေရဦးမှာပါ။ ဘာကြောင့် ကျွန်တော်ဒီလိုတွေ အခိုင်အမာပြောဆိုနိုင်ရသလဲဆိုရင် ဒီအကြောင်းတွေကို တကယ့်အတွင်းကျကျ သိထားတဲ့သူတွေဆီကနေ သိလာရလို့ပါပဲ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ပေါ့ဘာက မီဒီယာတွေကို ဘယ်လိုလှည့်စားနေလဲဆိုတာနဲ့ သူရဲ့အေးဂျင့်ကလည်း သူ့ကစားသမားအကြောင်း ဘယ်လိုတွေ ဖွင့်ဟပြောဆိုနေသလဲဆိုတာကတော့ ကျွန်တော်လည်း မသိဘူးပေါ့။ ဒါပေမယ့် သတင်းမီဒီယာတွေမှာ ဖော်ပြနေတာနဲ့ လက်တွေ့ဖြစ်နေတဲ့အရာတွေကတော့ တခြားစီလို့ပဲ ကျွန်တော်ထင်တယ်။ သူပြန်လာချင်လို့ ပြန်လာခဲ့တဲ့ အသင်းမှာ သူရှိနေတာပဲလေ။ ဒီကနေ သူပြန်ထွက်သွားချင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်မိဘူး။ လုံးဝကို မထင်မိပါဘူး” လို့ သူရဲ့အမြင်ကို ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်။