ညာဘက်ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေရ့ပြီး ကမ္ဘာ့ဖလားကိုပါ လွဲချော်ရဖွယ် ရှိနေတဲ့ ဂျုဗင်တပ်စ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ သိပ်မကြာခင်မှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်တယ်လို့ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရာဖယ်လ်ပီမင်တာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Oficial | Paul Pogba está de volta! - Juventus

Photo Credit : Juventus

ဒီနွေမှ မန်ချက်စတာယူနိုက်တက်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာက ဂျုဗင်တပ်စ်အတွက် တကယ့် တရားဝင် ပွဲစဉ်တွေတောင် မကစားရသေးခင် ရာသီကြို ခြေစမ်းပွဲအတွင်းမှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ကာလအတန်ကြာအထိ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဘာဟာ ဒီဒဏ်ရာကြောင့် (၅)လနီးပါးလောက်အထိ အနားယူရမှာဖြစ်လို့ ပေါ့ဘာရဲ့ ကမ္ဘာ့ဖလား ဆင်နွဲခွင့်ပါ ပျက်သုဉ်းသွားရတော့မယ်လို့ ထင်ခဲ့ရပေမယ့် အခုတော့ ပေါ့ဘာဟာ နဂို အနားယူရမယ့်ရက်ထက် ပိုမို စောစီးစွာ သက်သာလာခဲ့လို့ မကြာခင်မှာပဲ ဘောလုံးပြန်ကစားဖွယ်ပါ ရှိနေရပါတယ်။

Pogba agent: 'He loves Juventus' - FootItalia.com

Photo Credit : Football Italia

ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ပေါ့ဘာအေးဂျင့် ပီမင်တာက “အိမ်မက်ဆိုးတွေ အဆုံးသတ်သွားခဲ့ရပါပြီ။ ပေါ့ဘာက သိပ်မကြာခင်မှာပဲ ဂျုဗင်တပ်စ်ရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ပြန်လာပါတော့မယ်။ သူက စိတ်အားထက်သန်တဲ့သူ။ ပေါလ်ရဲ့ စူပါပါဝါက အခက်အခဲတွေကို ခွန်အားတွေ အကောင်းမြင်စိတ်တွေနဲ့ မယုံနိုင်စရာကောင်းလောက်အောင် ကျော်ဖြတ်တတ်တာပါပဲ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်တုန်းက သူက ကျွန်တော့်ကို ရာဖယ်လာ ဒီလောက်ဆို လုံလောက်ပြီ။ ငါ ဘာမှ မတွေးချင်တော့ဘူး။ ငါ ဘောလုံးပြန်ကစားချင်တဲ့အတွက် ဒူးဒဏ်ရာ ပြန်ကောင်းလာဖို့ကိုပဲ ငါအာရုံစိုက်ထားတယ်လို့ ပြောခဲ့တယ်။ ပြောတဲ့အတိုင်းပဲ သူ လုပ်ဆောင်ခဲ့တယ်။ သူ ဘာကိုမှ နားမထောင်တော့တာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကမ္ဘာကြီးကို ဖယ်ထုတ်ပြီး သူရဲ့ ပန်းတိုင်တစ်ခုတည်းကို အာရုံစိုက်နိုင်စွမ်း ရှိလို့ပါပဲ” ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ပေါ့ဘာဟာ လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ပြင်သစ်အသင်းနဲ့အတူ ပါဝင်ဆင်နွဲဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။