ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်ပေါ့ဘာ ကတော့ လက်ရှိ အသင်းရဲ့နည်းပြ ဆိုးလ်ရှားသာ ရာသီကုန် အထိ အသင်းမှာ ဆက်ရှိနေမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ကစားသမားလည်း ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၈လကျော်သာ ကျန်တော့ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိရင် ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်သူပါ။

Photo Credit: Sky Sports

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေသလို ပေါ့ဘာကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့် ဆိုးလ်ရှားနဲ့ ပေါ့ဘာကြားမှာ မကျေလည်မှုတွေ ရှိနေတာကြောင့် ဆိုးလ်ရှားသာ အသင်းမှာ ဆက်ရှိနေပါက ပေါ့ဘာဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက လက်စတာ စီးတီးအသင်းကို အဝေးကွင်းမှာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကို ထောက်ပြ ပြောဆိုခဲ့သူ ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်အပြီးမှာ သူတို့နှစ်ဦးရဲ့ ကြားက ဆက်ဆံရေးဟာ အေးခဲသွားခဲ့သလို ပေါ့ဘာကလည်း အတ္တလန်တာနဲ့ပွဲစဉ် ၊ လီဗာပူးနဲ့ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ပေါ့ဘာဟာ ရိုနယ်ဒို ၊ ဆန်ချို ၊ ဗာရန်းတို့လို ထိပ်တန်း ကစားသမားတွေ ရောက်လာပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်နေဖို့ စိတ်ဆန္ဒ ပြင်းပျနေပေမယ့် ဆိုးလ်ရှားသာ အသင်းမှာ ဆက်ရှိနေမယ် ဆိုရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ အတွက် အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ လာမယ့် ပွဲစဉ် ၃ပွဲမှာသာ ရလဒ်တွေ ဆက်လက် ဆိုးဝါးနေမယ် ဆိုရင် ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ကျိန်းသေပေါက် ထုတ်ပယ်ခံရမှာလည်း ဖြစ်ပါတယ်။