ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ့ဘာ ကတော့ အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချခဲ့ပြီး အသင်းကနေ ဒုတိယ အကြိမ်မြောက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး လတ်တလောမှာလည်း အသင်းနဲ့ ခြေစွမ်းကောင်းတွေ မပြသ နိုင်တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတေွ ခံနေရသူ တစ်ဦးပါ။

Photo Credit: Mirror

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခြင်း မရှိပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းနဲ့ သွားရောက် ကစားတဲ့ အချိန်တွေမှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြသ နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ပေါ့ဘာ တစ်ယောက် လတ်တလောမှာ ခြေစွမ်းကောင်းတွေ မပြသနိုင်တာဟာ အသင်းနဲ့အတူ အချိန်ကြာကြာ မကစား ရသေးတာကြောင့် ဖြစ်ကြောင်း ကာကွယ် ပြောကြား ထားခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ အဆိုအရတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို ပယ်ချခဲ့သလို အသင်းနဲ့ စာချုပ်သက်တမ်း မတိုးပဲ စာချုပ် ကုန်ဆုံးချိန်မှသာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားဖို့ စဉ်းစားနေကြောင်း သိရှိ ရပါတယ်။

Photo Credit: Mirror

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း မတိုးခဲ့ပါက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းချ သွားမှာ ဖြစ်ပြီး The Athletic သတင်းဌာန ကတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အစီအမံကို လိုက်နာမှာ မဟုတ်ပဲ သူ့အတွက် အကျိုးအမြတ် ပိုရှိမယ့် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ် သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ပေါ့ဘာဟာ ၂၀၁၂ ခုနှစ် ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကနေ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၁၆ခုနှစ်မှာ သူ့ကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ ပေါင် ၉၅သန်း နီးပါးအထိ သုံးစွဲခဲ့ရကာ ပေါ့ဘာသာ ဒုတိယအကြိမ်မြောက် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားပါက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ငွေကြေးအရ ဆုံးရှုံးမှုတွေ အတော်ကို များပြား သွားမှာ ဖြစ်ပါတယ်။