ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်အထိ အင်္ဂလန် ပရီးမီးယားလိဂ်ကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ အသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ အချိန်ဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီ ဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ လိဂ်ချန်ပီယံအဖြစ် အောင်ပွဲမခံနိုင်ခဲ့တာဟာ ဆယ်စုနှစ် တစုနီးပါး ရှိလာပြီ ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီမှာလည်း လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်း ၊ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ အားကောင်းနေတဲ့ လီဗာပူးအသင်းတို့ကို ကျော်ဖြတ်ကာ လိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်ခြင်းကို ခံထားရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင် ရရှိထားတဲ့ အသင်းရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း သုံးသပ်သူ တချို့ ရှိလာခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါ့ဘာကလည်း ဝုဗ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ သူတို့အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ကြုံးဝါးခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ယူအသင်းရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး ပေါ့ဘာက – “ကျွန်တော်တို့မှာ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းကောင်း တသင်းကို ပိုင်ဆိုင်ထားပါပြီ။ လိဂ်ချန်ပီယံ ဖြစ်ဖို့ ဆိုတာ ဘယ်လောက်အထိ ခက်လဲ ဆိုတာကို ကျွန်တော်တို့တွေ သိထားကြပါတယ်။ ဒါပေမယ့် ဒီရာသီမှာ လိဂ်ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။