ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်လို့ရတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ယခင်က မန်ယူအသင်းကနေ ထွက်ခွာတော့မယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ အသင်းနဲ့အတူ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် စဉ်းစားနေပြီလို့ သိရပါတယ်။ အသက်၂၇နှစ် အရွယ် ပေါ့ဘာ ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဗဟို ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး မန်ယူအသင်းမှာလည်း အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် နည်းပြ ဆိုးလ်ရှားရဲ့ ရှုမြင်ခြင်း ကို ခံထားရတဲ့သူပါ။

Photo Credit: Sky Sports

ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ဦး ဖြစ်တာနဲ့ အညီ အပြောင်းအရွှေ့ ရာသီ ရောက်တိုင်းမှာ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားတဲ့ အသင်းတွေ အများအပြား ရှိနေတတ်ပြီး လက်ရှိ နွေအပြောင်းအရွှေ့မှာလည်း သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာ ကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ် နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့အတူ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေသလို ပေါ့ဘာဘက်ကလည်း မန်ယူအသင်းမှာ ဆက်ရှိနေဖို့ အတွက် စဉ်းစားနေပြီး လက်ရှိ အသင်းရဲ့ လူစာရင်းကြောင့် ပျော်ရွှင်နေတယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ပျော်ရွှင်နေပြီ ဖြစ်တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲ ပြီးဆုံးသွားတဲ့အခါ မှာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့အတွက် သူ့ရဲ့ အေးဂျင့်ကို ဆွေးနွေးခိုင်းထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာဘက်ကရော မန်ယူအသင်းဘက်ကပါ စာချုပ်သက်တမ်း တိုးဖို့ အတွက် စိတ်ဆန္ဒပြင်းပျနေကြပြီး မန်ယူအသင်းနဲ့အတူ စာချုပ်သက်တမ်း တိုးဖြစ်ခဲ့ပါက ပေါ့ဘာရဲ့ တစ်ပတ် လုပ်ခလစာဟာ ပေါင် ၃၀၀၀၀၀ ကနေ ပေါင် ၃၅၀၀၀၀ ဝန်းကျင်ကြား ရရှိနိုင်တယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ခန့်မှန်း ထားကြကာ မန်ယူအသင်းဟာ ပေါ့ဘာကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုဖွယ် ရှိကြောင်းလည်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။