ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ကတော့ လတ်တလောမှာ သူနဲ့ အတွဲညီနေတဲ့ ပြင်သစ်လက်ရွေးစင် အသင်းဖော် ချူအိုမီနီနဲ့ ပွဲတွေ အများကြီး ကစားချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ မိုနာကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မိုနာကိုအသင်းနဲ့အတူ တောက်ပခဲ့တာကြောင့် ပြင်သစ်အသင်း အတွက် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ပြင်သစ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ယူကရိန်းအသင်းနဲ့ပွဲစဉ်မှာ ပေါ့ဘာနဲ့အတူ ပွဲထွက် ကစားခွင့် ရခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ကွင်းလယ်ခံစစ်နေရာမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသလို တိကျတဲ့ အဝေးဘောတွေ ပေးပို့နိုင်စွမ်း ရှိတဲ့ ချူအိုမီနီရဲ့ ခြေစွမ်းတွေကြောင့် လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

ချူအိုမီနီကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ သူ့ရဲ့ စံပြ ဘောလုံးသမား ဖြစ်ကြောင်းနဲ့ ပေါ့ဘာ လုပ်သမျှ အရာတိုင်းကို လိုက်လုပ်မိတဲ့ အထိ ရူးသွပ်ဖူးကြောင်း အင်တာဗျူးတခုမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

 

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာက ချူအိုမီနီနဲ့ တွဲဖက် ကစားရတာဟာ ကျေနပ်စရာကောင်းကြောင်းနဲ့ အမြဲတမ်း တွဲကစားချင်ကြောင်း ပြောကြားလာပြီး ချူအိုမီနီကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာအောင် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပေါ့ဘာက – “သူက ကောင်လေး တယောက် မဟုတ်တော့ပါဘူး။ သူက လူကြီးတယောက် ဖြစ်နေပါပြီ။ ပြီးတော့ သူနဲ့အတူ တွဲကစားရတာက အတော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ သူက ကျွန်တော့်ကို ထောက်ပံ့မှုတွေ အများကြီး လုပ်ပေးတယ်။ အားအင်လည်း ရှိတယ်။ နည်းစနစ်ပိုင်းလည်း ကြွယ်ဝတယ်။ ပြီးတော့ ကြံ့ခိုင်မှုပိုင်းကလည်း အတော် ကောင်းပါတယ်။ သူနဲ့အတူ ပွဲတွေ အများကြီး ကစားရဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အမြဲတမ်းလည်း သူနဲ့ တဖက်ထဲမှာပဲ ကစားချင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။