ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ့ဘာဟာ မန်ယူအသင်းမှာ ကစားနေရတဲ့ နေရာနဲ့ ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းမှာ ကစားစဉ်က တိုက်စစ်ပိုင်းကို ပိုမို လိုက်ပါ ကစားရလေ့ ရှိပေမယ့် ဆိုးလ်ရှားရဲ့ လက်အောက်မှာတော့ အသင်းရဲ့ နည်းစနစ်ပိုင်း အတွက် ပိုမို အရေးပါတဲ့ Deeplying ကွင်းလယ်လူ တစ်ဦးအဖြစ် ကစားနေရပြီး ပွဲစဉ် အတော်များများမှာ အသင်းရဲ့ ကစားပုံ တည်ငြိမ်စေရန် အတွက် ထိန်းကျောင်းပေးရတဲ့ တာဝန်ကို ယူထားရပါတယ်။

Photo Credit: Metro

ပေါ့ဘာဟာ ယခင်က တိုက်စစ်ပိုင်းကို လိုက်ပါကစားရတဲ့ ကွင်းလယ်လူ တစ်ဦးအဖြစ် ကစားခဲ့ရပေမယ့် အသင်းထံကို ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက် ရောက်ရှိလာအပြီးမှာ ဖာနန်ဒက်ကသာ တိုက်စစ်ပိုင်းကို ပိုမို လိုက်ပါ ကစားရပြီး သူကတော့ ကွင်းလယ်အထိုင် နေရာမှာသာ ကစားခဲ့ရပါတယ်။ အဆိုပါ အခြေအနေနဲ့ ပတ်သတ်ပြီး ပေါ့ဘာဟာ မပျော်မရွှင် ဖြစ်နေပြီး သူ့ရဲ့ ခံစားချက်တွေကို ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေထံ ပြောပြခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Independent သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဘာဟာ လာမယ့် အပြောင်းအရွှေ့ရာသီမှာ မန်ယူအသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေကြောင်းလည်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro

အသက် ၂၇နှစ် အရွယ် ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး လာမယ့် ဘောလုံးရာသီ အကုန််မှာ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာဟာ လက်ရှိမှာ ပေါ့ဘာအတွက် သင့်တော်မယ့် အသင်းသစ် တစ်သင်းကို စတင် ရှာဖွေနေပြီး တစ်ဖက်မှာတော့ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့လို နေပါတယ်။ နာမည်ကြီး သတင်းထောက် ဖြစ်သူ ရိုမာနို ကတော့ မန်ယူအသင်းအနေနဲ့ ပေါ့ဘာကို အသင်းမှာ ဆက်ရှိနေအောင် အကောင်းဆုံး ကြိုးစားနေသလို ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုတော့ပါက ပေါ့ဘာကို ရောင်းချသွားဖို့ အတွက်လည်း ပြင်ဆင်နေကြောင်း ဆိုထားပါတယ်။