ဘောလုံးသမားတွေထဲမှာ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းအထွက်ဆုံးသူဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ ဘောလုံးအေးဂျင့်တွေထဲမှာ သူရဲ့ကစားသမားတွေနဲ့ပတ်သက်လို့ သတင်းအဖွဆုံးသော အေးဂျင့်ရွိုင်အိုလာတို့ရဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်က ထွက်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာပဲ အေးဂျင့်ရွိုင်အိုလာဘက်ကနေ စတင်ပြောဆိုလာခဲ့တာဖြစ်ပြီး သူရဲ့ကစားသမားပေါ့ဘာက ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိဖို့ ဖြစ်နိုင်ခြေရှိနေသေးတယ်ဆိုတာကို ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယခင်ကတည်းက ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး သူကိုယ်တိုင်ကလည်း ရီးယဲလ်မှာ ပါဝင်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။ ဒါပေမယ့် ရွိုင်အိုလာကတော့ ပေါ့ဘာရဲ့ အနာဂတ်ကို ပိုမိုလှုပ်ခတ်အောင် ပြောဆိုတတ်သူဖြစ်ပြီး အခုလည်း ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကြား အဆင်ပြေနေချိန်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမယ့် စကားမျိုးကို ထပ်ပြီးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Metro

ပေါ့ဘာအနေနဲ့ ဘာကြောင့် ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့ မဖြစ်လာခဲ့ရတာလဲလို့ မေးမြန်းလာခဲ့ရာ ရွိုင်အိုလာက “ဒါက ရီးယဲလ်အသင်းကို မေးရမယ့် မေးခွန်းတစ်ခုပါ။ တစ်ချိန်ကဆို ပေါ့ဘာက သူ့ကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားခဲ့ပေမယ့် သူက ယူနိုက်တက်အသင်းကို ချစ်ခင်မြတ်နိုးတယ်။ ယုံကြည်တယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်တို့ကြားမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုနဲ့ပတ်သက်ပြီး နားလည်မှုတွေ ရယူဖို့ဆိုတာကလည်း တကယ်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိပ်တန်းအသင်းတွေက သူတို့ရဲ့ကြယ်ပွင့်ကစားသမားတွေကို တခြားထိပ်တန်းအသင်းတွေဆီ ရောင်းထုတ်တာမျိုး မလုပ်ချင်ကြလို့ပါပဲ။ ဒါပေမယ့် ခင်ဗျားတို့ကို မနောက်တမ်း ပြောရမယ်ဆိုရင် ပေါ့ဘာအတွက် ရီးယဲလ်မှာ ဆွဲဆောင်စရာတစ်ခု ရှိနေတယ်။ အဲ့ဒါက သူရဲ့ကလေးဘဝကတည်းက အိုင်ဒေါဖြစ်ခဲ့ရတဲ့ ဇီဒန်းပါ။ ပေါ့ဘာ ရီးယဲလ်ကို ရောက်နိုင်မလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် မဖြစ်နိုင်စရာ မရှိဘူးလို့လည်း ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဘောလုံးဆိုတာကတော့ အရာအားလုံးပေါ်မှာ မူတည်နေတာ။ မနက်ဖြန်ပဲ ရီးယဲလ်ဘက်ကနေ ပေါ့ဘာအတွက် ဟာဇက်နဲ့ လဲလှယ်မယ်ဆိုရင် ဒါက ဥပမာပေးတာနော် ဒါက ဘာကြောင့်မဖြစ်လာနိုင်စရာ ရှိရမလဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။