ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စု F ပွဲစဉ်တပွဲ ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ဂျာမဏီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ တပွဲလုံးကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂျာမန် နောက်ခံလူ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အဖိုးတန် နိုင်ပွဲတပွဲကို ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ ဖြစ်ရပ်အပြင် နောက်ထပ် လူပြောများတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ဂျာမဏီ နောက်ခံလူ ဖြစ်တဲ့ ရူဒီဂါဟာ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာနဲ့ ဘောလုံးချင်း ယှဉ်လုရာကနေ ပေါ့ဘာရဲ့ ကျောကုန်းကို ကိုက်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Express

ပေါ့ဘာနဲ့ ရူဒီဂါတို့ရဲ့ ဖြစ်ရပ်ဟာ ပထမပိုင်း ပြီးဆုံးခါနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရူဒီဂါဟာ ပေါ့ဘာဆီကနေ ဘောလုံးကို ဖျက်ထုတ်နေရင်း ပေါ့ဘာကို သိုင်းဖက်ကာ သူ့ရဲ့ နောက်ကျောကို ကိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ရူဒီဂါက သူ့ကို ကိုက်ခဲ့ပြီးနောက် ပေါ့ဘာဟာ ရူဒီဂါရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင်ကို စောဒက တက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အရေးယူမှု တစုံတရာ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ရူဒီဂါဟာ ပေါ့ဘာရဲ့ ကျောကုန်းအား ကိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ရုပ်သံအနှေးပြကွက်တွေမှာ ထင်ရှားစွာ မြင်တွေ့ခဲ့ရတာကြောင့် ရူဒီဂါအနေနဲ့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ ပွဲပယ်ပြစ်ဒဏ်တွေ ကျခံရဖို့ အလားအလာ ရှိနေပါတယ်။ ရူဒီဂါနဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး ပွဲကစားချိန် အတွင်းမှာ ကွင်းလယ်ဒိုင်ကို စောဒက် တက်ခဲ့တဲ့ ပေါ့ဘာကတော့ သူဟာ ပွဲချိန်အတွင်းမှာ ရူဒီဂါကို အပြစ်ပေးစေချင်ပေမယ့် နောက်ဆက်တွဲ ပြစ်ဒဏ်တွေတော့ မကျစေချင်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြား သွားပါတယ်။

Photo Credit: Express

ရူဒီဂါက သူ့ကို ကိုက်ခဲ့တဲ့အပေါ် ပေါ့ဘာက – “ကျွန်တော်က ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အဝါကတ်တွေ ၊ အနီကတ်တွေကို ငိုယိုပြီး တောင်းမယ့်လူ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို ကိုက်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တယောက်နဲ့ တယောက် သိလာတာ အရမ်းကို ကြာနေပါပြီ။ ကျွန်တော်က ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဒိုင်လူကြီးကို ပြောပြခဲ့ပါတယ်။ သူကလည်း ဆုံးဖြတ်ချက် တခုကို ချမှတ်ခဲ့ပါတယ်။ အခုတော့ အားလုံး ပြီးသွားပါပြီ။ ဒီဖြစ်ရပ်ကြောင့် သူ့အနေနဲ့ နောက်ဆက်တွဲ ပြစ်ဒဏ် ကျခံရမှာကို ကျွန်တော် မလိုလားပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။