မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက Lockdown ကာလအပြီး ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်ကတည်းက တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနေနနိုင်တဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းဘက်ကနေ စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်လျက်ရှိနေပြီး သူ့လို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မှ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

Photo Credit : Opera News

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာများကြောင့် ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားခင်အချိန်ကအထိ အသင်းအတွက် (၈)ပွဲသာ ကစားနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်းမှာ ယူနိုက်တက်အတွက် ပုံမှန်ပြန်ကစားပေးနိုင်သလို ကွင်းလယ်မှာလည်း ဘရူနိုဖာနန်ဒက်စ် မာတစ်တို့နဲ့ တွဲဖက်ပြီး သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ပြသလာနိုင်ခဲ့တာကြောင့် ဆိုးလ်ရှားက ပေါ့ဘာကို ယူနိုက်တက်မှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။

Photo Credit : FotMob

ပေါ့ဘာဟာ ပြီးခဲ့တဲ့နွေတုန်းက ရီးရဲလ်မက်ဒရစ်အပြင် သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်နဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပြီး သူကိုယ်တိုင်ကပါ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် အနာဂတ်က အရမ်းလှုပ်ခတ်ခဲ့ရပါတယ်။ ပေါ့ဘာဟာ လာမယ့် ၂၀၂၁ခုနှစ် ဇူလိုင်လမှာ သက်တမ်းကုန်တော့မှာဖြစ်ပြီး အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခွင့် ရှိနေသေးပေမယ့် ဆိုးလ်ရှားက ပေါ့ဘာကို ယူနိုက်တက်မှာ (၄)(၅)နှစ်လောက် ဆက်လက်ရှိနေစေချင်တာဖြစ်ပါတယ်။ ဆိုးလ်ရှားက “ကစားသမားနဲ့ အသင်းတို့ကြား ဆွေးနွေးမှုတွေအပေါ်မှာ ကျွန်တော့်ဘက်ကနေ ဘာမှမှတ်ချက်မပေးနိုင်ပေမယ့် ကစားသမားကောင်းတွေကိုတော့ အသင်းမှာပဲ ဆက်လက်ရှိနေစေချင်ပါတယ်။ ပေါ့ဘာကလည်း ဒဏ်ရာကနေ ပြန်ကောင်းလာကတည်းက သူရဲ့ကစားပုံတွေက ပိုပြီးတော့ ကောင်းမွန်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိတယ်။ ပြီးတော့ သူပျော်ရွှင်နေတယ်။ ဆိုတော့ သူအနေနဲ့ ကျွန်တော်တို့အားလုံးကို ဘယ်လောက်အထိ ခေါ်ဆောင်ပေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနေ့ည (၁)နာရီ(၄၅)မိနစ်အချိန်မှာ ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄)ကို ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။