MySport Myanmar

ပေါ့ဘာက ယူနိုက်တက်ဆီကို လုံးဝ ပြန်မသွားသင့်ဘူးလို့ မာခီစီယို သုံးသပ်

ပေါလ် ပေါ့ဘာနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ အီတလီ ဘောလုံးသမားဟောင်းကြီး ကလော်ဒီယို မာခီစီယိုကတော့ သူ့အသင်းဖော်ဟောင်း ပေါ့ဘာအနေနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီကို ဘယ်တော့မှ ပြန်လည် မပြောင်းရွှေ့ခဲ့သင့်ဘူးလို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

၂၀၀၉ခုနှစ်ကတည်းက ယူနိုက်တက် လူငယ်အကယ်ဒမီဆီ ရောက်ရှိနေခဲ့ပြီး ယူနိုက်တက်ရဲ့ လူငယ်အသင်းနဲ့ စီနီယာအသင်းတွေအတွက် ကစားခွင့် အနည်းငယ် ရရှိခဲ့ပေမယ့်လည်း ပုံမှန်ကစားခွင့် မရတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာပဲ ဂျုဗင်တပ်စ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : The Independent

ဂျုဗင်တပ်စ်အသင်းမှာ အဓိက ကစားသမားအဖြစ် (၄)ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် အသင်းဟောင်း ယူနိုက်တက်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ (၆)ရာသီအထိ ဖြတ်သန်းခဲ့ရင်း အသင်းမှာ နည်းပြ မော်ရင်ဟိုနဲ့ အဆင်မပြေတာတွေအပြင် အခြားသော ပြသာနာတွေလည်း ရှိခဲ့ရပါတယ်။

၂၀၂၂ကမှ ယူနိုက်တက်နဲ့ စာချုပ်ကုန်လို့ ဂျုဗင်တပ်စ်ဆီကိုပဲ တစ်ကျော့ပြန် ရောက်လာခဲ့တဲ့ ပေါ့ဘာဟာ ရာသီအစမှာပဲ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရတဲ့အပြင် ဒီရာသီမှာလည်း Testosterone ဆိုတဲ့ တားမြစ်ဆေးကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့တာကြောင့် ဘောလုံးကစားခွင့်ကနေ (၄)နှစ်အထိ ပိတ်ပင်ခံလိုက်ရပြန်ပါတယ်။

Photo Credit : The Sun

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မာခီစီယိုက “သူကြုံတွေ့ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ရေးကိုယ်တာ ပြသာနာတွေအပြင် တားမြစ်ဆေး သုံးစွဲမှုတွေ အားလုံးက ကျွန်တော့်ကိုလည်း အတော်လေး ထိခိုက် နာကျင်စေခဲ့ရပါတယ်။ သူက ကျွန်တော်ရဲ့ အသင်းဖော်တွေထဲ ကွင်းအတွင်း အထင်ကြီးစရာကောင်းအောင် ကစားနိုင်သူထဲက တစ်ဦးပါ။

“ဒဏ်ရာ ပြသာနာတွေကြောင့်သာ သူရဲ့ ကစားသမားဘဝက ထိုက်တန်တဲ့ အဆင့်ကို မရောက်ခဲ့သလို တကယ်ဆို သူက ဘာလွန်းဒေါဆုအထိပါ မျှော်မှန်းနိုင်တဲ့ ကစားသမားပါ။ ယူနိုက်တက်အသင်းဆီ ပြန်သွားခဲ့တာကလည်း အမှားတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ သူရဲ့ပြောင်းလဲမှုက သူ့ကို အကူအညီမပေးခဲ့ဘူး။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Exit mobile version