မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ခြေချင်းဝက်ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်ပြီး လာမယ့် အပတ်မတိုင်ခင်အထိပဲ လေ့ကျင့်ရေး မဆင်းနိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့ပြီး သဘောက မကြာခင် လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖွယ် ရှိပြီ ဖြစ်ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်က နယူးကာဆယ်အသင်းကို (၄-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်ဆုံး ပွဲစဉ် ကစားခဲ့ရစဉ် ကတည်းက နောက်ထက် မကစားခဲ့ရတော့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဒဏ်ရာ ခွဲစိတ် ကုသမှု ခံယူခဲ့ရပါတယ်။

Photo Credit: Goal

ကမ္ဘာ့ဖလား ဆုရှင် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိရာသီမှာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၈) ပွဲ ကစားထားပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၇) ပွဲ ကစားထားရာမှာ သွင်းဂိုးမရှိခဲ့ဘဲ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ် (၁၈) လ ကျန်နေသေးပြီး ဂျုဗင်တပ်အသင်း နဲ့ ရီးရဲလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတာကြောင့် အသင်းက ထွက်သွားနိုင်ချေရှိနေတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ နည်းပြ ဆိုးလ်ရှားက လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ပေါ့ဘာက အပြင်မှာ ဆေးကုသမှု ခံယူနေရဆဲပါ။ သူ လာမယ့် အပတ် မတိုင်ခင်အထိ အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အချိန် ဘယ်လောက် ကြာဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ သူဟာ လေ့ကျင့်ရေး ပြန်ဆင်းဖို့ နဲ့ ကြံခိုင်ရေး ပြန်လည် ပြည့်ဝလာဖို့ လိုအပ်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားက ပေါ့ဘာအနေနဲ့ လာမယ့် အပတ် မတိုင်ခင်အထိ အသင်းနဲ့ လေ့ကျင့်ရေး ပြန်မဆင်းနိုင်သေးဘူးလို့ ပြောခဲ့တာကြောင့် တစ်ဖက်က ပြန်တွေးရမယ် ဆိုရင် ပေါ့ဘာဟာ လာမယ့် အပတ်မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မယ် ဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။