မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ မန်ယူ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ပွဲထွက် ကစားရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ ပွဲထွက်ခွင့်ပေးမလား ဆိုတာကို စောင့်ကြည့်သွားရမယ်လို့ ဆိုပါတယ်။ မန်ယူ ကွင်းလယ်လူ ပေါ့ဘာဟာ (၂၀၁၉-၂၀) ခုနှစ်အတွင်းမှာ ဒဏ်ရာ ပြဿနာကြောင့် မန်ယူအသင်းအတွက် ပွဲစဉ် (၈) ပွဲသာ ကစားထားရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခွဲစိတ်ခဲ့ရတာကြောင့် အခုအချိန်မှာတော့ သူ့ရဲ့ ခြေချင်းဝက် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ပေါ့ဘာဟာ ခြေချင်းဝက် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးတဲ့နောက်မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ပြီး ယခုလ ဇွန်လအတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အခါမှာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ကွင်းလယ်နေရာမှာ ပြန်လည် ကစားနိုင်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းရဲ့ နောက်၊ အဆင့် (၅) နေရာမှာ ရပ်တည်ပြီ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အမှားခံလို့ မဖြစ်တာကြောင့် ဘာဘာတော့ဗ်က ပေါ့ဘာကို ပွဲထွက် ကစားစေချင်တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “ပါ့ဘာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဆိုတော့ မန်ယူအသင်းက ကြီးမားတဲ့ အားသာချက် ရှိသွားတယ်။ အသင်းအတွက် သတင်းကောင်းပါပဲ။ ပြဿနာရှိတာက ပေါ့ဘာက ပွဲထွက် မကစားတာ ကြာခဲ့ပါပြီ။ ဒီတော့ သူ ကောင်းစွာ ပြင်ဆင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ ပွဲထွက် ကစားဖို့ (၁၀၀) ရာခိုင်နှုန်း အဆင်သင့် ဖြစ်နေမှာပါ။ သူ ပွဲထွက် ကစားရမှာ မဟုတ်လား။ ကျွန်တော် သေချာ မသိဘူး။ ဒါပေမယ့် ကာလရှည် ဒဏ်ရာကနေ ပြန်လည် သက်သာလာရင် ပွဲထွက် ကစားခွင့်ကို မထိခိုက်လောက်ပါဘူး။ နည်းပြ ဆိုးလ်ရှားက သူ့ကို ပွဲထွက်ခွင့်ပေးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ နည်းပြ ဆိုးလ်ရှားက သူ့ကို ဘယ်လို ခံစားရလဲ ဆိုတာ နဲ့ ပွဲထွက် ကစားဖို့ အဆင်သင့် ဖြစ်ပြီးလားလို့ မေးမယ် ဆိုရင် ပေါ့ဘာက သေချာတာပေါ့၊ ပွဲထွက် ကစားဖို့ အဆင်သင့်ပါပဲလို့ ဖြေမှာပါ”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။