ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းက အားသာချက် များစွာ ရရှိမှာ ဖြစ်ပြီး ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်က စပါးကို အဓိက တိုက်စစ်မှူး ခရစ္စတီယာနိုရဲ့ ဟက်ထရစ်နဲ့ အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Mirror

အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပွဲရဲ့ အဖြေကို ပြောင်းလဲပေးခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ ဟက်ထရစ်ကြောင့်သာ မန်ချက်စတာ ယူနိုက်တက်က အဖိုးတန် နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်သလို သူသာ မရှိနေရင် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ စပါးကိုတောင် အရေးနိမ့်သွားနိုင်ပါတယ်။

စပါးနဲ့ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမား ဘဝမှာ စုစုပေါင်း သွင်းဂိုး ၈၀၇ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာကလည်း သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကမ္ဘာ့သမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးပါလို့ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Mirror

ပေါ့ဘာက – “လူတိုင်းက ခရစ္စတီယာနိုကို သိကြပါတယ်။ ဒါကြောင့် များများစားစား ပြောစရာ ရှိမယ် မထင်ပါဘူး။ အခု အသင်းမှာ ရှိနေတဲ့ လူတိုင်းက ပျော်ရွှင်နေကြတယ်။ ရိုနယ်ဒိုက ကျွန်တော်တို့အသင်း အတွက် ဘယ်တုန်းကမှ ပြဿနာ တခု မဟုတ်ခဲ့ပါဘူး။ ခင်ဗျားက သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးကို ခင်ဗျားရဲ့ အသင်းမှာ ပိုင်ဆိုင်ထားရင် သူ့ကို ပြဿနာလို့ ပြောလို့ မရဘူးလေ။ ဟုတ်တယ်မလား” လို့ ပြောကြားသွားခဲ့တာပါ။