ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်ပေါ့ဘာဟာ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေနဲ့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၈လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အကယ်၍ စာချုပ်သစ်သာ ချုပ်ဆိုနိုင်ခြင်း မရှိပါက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ သူ့ကို အလွတ်နဲ့ လက်လွှတ် ဆုံးရှုံးရမှာပါ။

Photo Credit: The Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အပူတပြင်း ကြိုးစားနေတာ ဖြစ်ပြီး ပေါ့ဘာဘက်က စာချုပ်သစ် ချုပ်ဆိုနိုင်ရေး အတွက် ဆွေးနွေးမှုတွေကို ဆက်တိုက် ရွှေ့ဆိုင်းခဲ့တာကြောင့် ယခုလို အခြေအနေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ပြင်သစ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ အခွင့်အလမ်း များပြားနေပေမယ့် အကယ်၍ အသင်းဘက်ကသာ သူ့ကို စံချိန်တင် လုပ်ခလစာနဲ့ ကမ်းလှမ်းမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်နေဖို့ စဉ်းစားနိုင်ကြောင်း သိရပါတယ်။

Photo Credit: The Mirror

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ပြီး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တပတ် လုပ်ခလစာ ပေါင် ၄၅၀၀၀၀ ဝန်းကျင်အထိ ရရှိနေပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုအောင် တပတ်လုပ်ခ ပေါင် ၅သိန်း ပမာဏလောက် အထိ ကမ်းလှမ်းရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေ ကတော့ အသင်းဘက်က ပေါ့ဘာကို တပတ် လုပ်ခလစာ ပေါင် ၃၅၀၀၀၀ထက် ပိုပေးဖို့ ဆန္ဒမရှိတာကြောင့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာရဖို့ ရှိနေကြောင်း သတင်းဌာနတွေကို ဖွင့်ဟထားပါတယ်။