မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိက ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သူ ပေါလ်ပေါ့ဘာနဲ့ စကော့တွမ်မီနေးတို့နှစ်ယောက်ဟာ ခရစ္စမတ်အားလပ်ရက် Boxing Day နေ့ကပဲ ဒဏ်ရာအသီးသီး ရရှိခဲ့လို့ လက်ရှိအချိန်ထိ အနားယူနေခဲ့ရသလို သိပ်မကြာခင်မှာပဲဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်အသင်းသားတွေဟာ ဆောင်းရာသီအားရက်ကို ရရှိလို့နေပြီး အသင်းသားတချို့ကလည်း အပူပိုင်းဒေသ နိုင်ငံတွေမှာ လေ့ကျင့်ခန်းဆင်းနေကြသလို ပေါ့ဘာ ရပ်ဖိုဒ့် တွမ်မီနေးတို့လို ဒဏ်ရာရကစားသမားတွေကလည်း ဒဏ်ရာကနေ အလျင်အမြန်သက်သာအောင် ဆောင်ရွှက်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

လက်ရှိ ယူနိုက်တက်အသင်းမှာ ဒဏ်ရာရရှိနေတဲ့ ကစားသမားတွေထဲမှာ ပေါ့ဘာ ရပ်ဖိုဒ့် တွမ်ဇီဘီ တွမ်မီနေးနဲ့ ဖိုဆူမန်ဆာတို့ ပါဝင်နေကာ အားလုံးထဲမှာတော့ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးက စောစီးစွာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ တွမ်မီနေးက ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ လုပ်အားကောင်းကောင်းနဲ့ ပါဝင်ကစားတတ်သူဖြစ်တာကြောင့် သူမပါနိုင်တဲ့ပွဲစဉ်တွေမှာ ယူနိုက်တက်ကွင်းလယ်က အားပျော့နေခဲ့ရပါတယ်။ ဒူးဒဏ်ရာ ခံစားနေရတဲ့ တွမ်မီနေးဟာ အသင်းနဲ့လည်း လေ့ကျင့်ခန်းအသေးစားတွေ စတင်လုပ်ဆောင်နေပြီဖြစ်တာကြောင့် အခုနားရက်ကာလပြီးချိန်မှာတောင် ယူနိုက်တက်အတွက် ပြန်လည်ကစားပေးဖွယ် ရှိနေပါတယ်။

Photo Credit : Getty Images

တွမ်မီးနေးပြီးနောက်မှာတော့ ယူနိုက်တက်ရဲ့ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာလည်း အသင်းအတွက် ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာပဲ ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ ပေါ့ဘာကတော့ ဒီနှစ်ရာသီအတွင်းမှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးလို့နေပြီး ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရသလို ဒဏ်ရာသက်သာချိန်မှာတောင် ၂ပွဲပဲ ပြန်လည်ကစားခဲ့ရကာ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်မှုခံယူခဲ့ရလို့ ဆက်လက်အနားယူနေခဲ့ရသူဖြစ်ပါတယ်။ ဆိုတော့ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ကစားသမား၂ယောက်ဟာ ဒီလထဲမှာပဲ ရှေ့ဆင့်နောက်ဆင့် ပြန်လည်ပါဝင်နိုင်ဖို့ရှိနေပြီး အသင်းအတွက် ဒီရာသီအတွင်း သွင်းဂိုးအများဆုံးရယူထားနိုင်ခဲ့တဲ့ မားကပ်ရပ်ဖိုဒ့်ကတော့ ဧပြီလလောက်မှသာ ယူနိုက်တက်အတွက် ပြန်လည်ကစားနိုင်မှာဖြစ်ကာ အမြန်ဆုံးသက်သာလာနိုင်စေဖို့ အထိန်းခါးပတ်ကို ဝတ်ဆင်ထားမယ်လို့လည်း သိရှိရပါတယ်။