မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသလို့နေပြီး လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲကစားအပြီး ဂိုးဖန်တီးမှု (၇)ကြိမ်အထိ ပြုလုပ်ထားတာကြောင့် လပိုင်းသာ ကျန်ရှိနေတော့တဲ့ သူရဲ့စာချုပ်သက်တမ်းကို အသင်းဘက်ကနေ တိုးမြှင့်သွားချင်နေသလို ပေါ့ဘာဘက်ကလည်း အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် အသင်းနဲ့ ဆက်လက်ပူးပေါင်းဖွယ်သာ ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာပါတယ်။

Photo Credit : Goal

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေစျေးကွက်အတွင်းမှာ ဂျေဒန်ဆန်ချို ရာဖယ်ဗာရန်းတို့လို ထိပ်တန်းကစားသမားကောင်းတွေအပြင် အသင်းရဲ့ တကယ့် Legend ကစားသမားဟောင်းဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုပါ ခေါ်ယူအားဖြည့်ထားတာကြောင့် လက်ရှိမှာ အသင်းရဲ့ လူအင်အားက အလွန်တောင့်တင်းလွန်းနေပြီး ဆုဖလားအောင်မြင်မှုတွေကိုပါ ပိုမိုမျှော်မှန်းနိုင်တဲ့ အနေအထားမျိုးကို ရောက်ရှိနေတာကြောင့် ပေါ့ဘာအနေနဲ့ သူရဲ့အနာဂတ်ကို အသင်းမှာ ဆက်လက်မြှပ်နှံသွားဖို့ ဆုံးဖြတ်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၆ခုနှစ်မှာပဲ ဂျုဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို တကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းနဲ့ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကိုသာ ရယူနိုင်ခဲ့ပြီး သူရဲ့စာချုပ်သက်တမ်းကလည်း လာမယ့် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်ကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ပေါ့ဘာကို အသင်းမှာသာ ဆက်လက်ရှိနေဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး တစ်ပတ်လုပ်ခကိုလည်း ပေါင်(၄)သိန်းဝန်းကျင်လောက်အထိ ပေးချေသွားဖို့ပါ ကမ်းလှမ်းထားပေမယ့် ပေါ့ဘာဘက်က ဒီကမ်းလှမ်းမှုကို တုံ့ပြန်ထားခြင်း မရှိသေးတာကြောင့် သက်တမ်းတိုးမယ့်ကိစ္စက ကြန့်ကြာလို့နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဘာက လက်ရှိ ယူနိုက်တက်အသင်းမှာ အလွန်ပျော်ရွှင်နေတာကြောင့် အသင်းနဲ့ သက်တမ်းတိုးဖို့ကိစ္စကို ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။