ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာပြီးနောက် ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးတို့ထက် သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်ဆီသာ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပြင်သစ်လက်ရွေးစင် အသင်းထံ ရောက်ရှိသွားရင် သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်တာကြောင့် ပီအက်စ်ဂျီ ၊ မန်ချက်စတာ စီးတီးနဲ့ ဂျူဗင်တပ်တို့လို ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Football Insider

လက်ရှိအချိန်မှာတော့ မန်ချက်စတာ စီးတီး ၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့ရဲ့ တာဝန်ရှိသူတွေက ပေါ့ဘာရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ပေါ့ဘာကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေကာ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါသေးတယ်။

ဒါပေမယ့် ပေါ့ဘာကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ အခြား ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေပြီး ပီအက်စ်ဂျီနဲ့ မန်ချက်စတာ စီးတီးတို့ထက် အသင်းဟောင်း ဂျူဗင်တပ်ဆီသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insider သတင်းဌာနက ဆိုပါတယ်။

Photo Credit: Football Insider

နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Telegraphကလည်း ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များပြားနေကြောင်း အတည်ပြုပေးထားပြီး ပေါ့ဘာက သူ့ရဲ့ အသင်းသစ်ကို လာမယ့် နွေအပြောင်းအရွှေ့ ရောက်မှသာ ဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။

ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်မှာ ဆက်နေရင် (ဒါမှမဟုတ်) ပီအက်စ်ဂျီနဲ့ မန်ချက်စတာ စီးတီးတို့ဆီ ပြောင်းရွှေ့ရင် မြင့်မားတဲ့ လုပ်ခလစာတွေ ရဖို့ ရှိနေပေမယ့် အသင်းဟောင်း ဂျူဗင်တပ်ဆီ ပြန်လည် ပြောင်းရွှေ့တာက သူ့ရဲ့ ကစားသမားဘဝ အတွက် အသင့်တော်ဆုံး ဖြစ်မယ်လို့ ယူဆနေကြောင်း ဂျူဗင်တပ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Tutto Sports သတင်းဌာနက ဖော်ပြထားပါသေးတယ်။