မကြာခင်ရက်ပိုင်းအတွင်းမှာ နိုင်ငံတကာရက်သတ္တပတ်ကို ဖြတ်သန်းရတော့မယ့် ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ ဒီဒီရာဒက်ချမ့်က သူရဲ့အသင်းသား ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာအနေနဲ့ လက်ရှိအချိန်မှာ သူရဲ့ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ မပျော်မရွှင်ဖြစ်နေရပြီး ဒါဟာ သူရဲ့ပွဲကစားချိန်ကြောင့်လည်းဖြစ်သလို သူပါဝင်ကစားနေရတဲ့ နေရာကြောင့်လည်းဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း (၄)ပွဲကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ထားရပြီး အခုထိ သွွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှမလုပ်ဆောင်ထားနိုင်ခဲ့ပဲ သူရဲ့အမှားအယွင်းတချို့ကြောင့်သာ ပြိုင်ဘက်အသင်းဘက်တွေကို ပင်နယ်တီကန်ခွင့်တွေပဲ ခွင့်ပြုထားခဲ့ရပါတယ်။ ဒါပေမယ့် ပေါ့ဘာအနေနဲ့ အခုလို ခြေစွမ်းပိုင်း ကျဆင်းနေရခြင်းဟာ ဒဏ်ရာပြသာနာတွေနဲ့ ကိုဗစ်ကူးစက်ခံခဲ့ရခြင်းကြောင့်သာဖြစ်တယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

ဒက်ချမ့်က “ပေါလ်…ကျွန်တော်သူ့အကြောင်းကို ကောင်းကောင်းသိသလို သူကလည်း ပြင်သစ်အသင်းအကြောင်းကို သိနားလည်ထားသူတစ်ယောက်ပါ။ လက်ရှိ ပေါလ်ဟာ သူရဲ့အသင်းမှာ မပျော်မရွှင်ဖြစ်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါတွေဟာ သူရဲ့ပွဲထွက်ကစားချိန်ကြောင့်လည်း ဖြစ်နိုင်သလို သူရဲ့ကစားရတဲ့ နေရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာလည်း သူက အကောင်းဆုံးအနေအထားမှာ ရှိမနေတဲ့သူပါ။ ဒါကလည်း သူ ရင်ဆိုင်ခဲ့ရတဲ့ ဒဏ်ရာအခြေအနေတွေကြောင့်ရော ကိုဗစ်ကူးစက်ထားမှုကြောင့်ပါ အခုလို အခက်ခဲဆုံး အခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်။ ပေါလ်ကိုယ်တိုင်ကလည်း သူရဲ့ပုံမှန်ခြေစွမ်းကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ရှာဖွေရပါလိမ့်မယ်။ ဒါပေမယ့် ပေါလ်က သူရဲ့ကလပ်အသင်းအတွက် အကောင်းဆုံးတွေ လုပ်ဆောင်နိုင်တယ်လို့တော့ ပြောလို့မရနိုင်သေးပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ကစားဖို့က ကစားသမားတိုင်းရဲ့အိမ်မက်ပါပဲဆိုတဲ့ အငြင်းပွားစရာ စကားလုံးတွေကိုတော့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားခဲ့သေးပြီး အနာဂတ်အခြေအနေတွေကလည်း မရေမရာ ဖြစ်လို့နေရပါတယ်။