ရီးရဲလ်မက်ဒရစ်က ကစားသမားအားလုံးရဲ့ စိတ်ကူးအိမ်မက်ထဲက ဘောလုံးအသင်းကြီးတစ်သင်းကြီးဖြစ်ပြီး ဒီအသင်းမှာ ပါဝင်ကစားချင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်များစွာက စိတ်ပျက်နေကြမှာ သေချာနေပေမယ့် ယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားကတော့ သူ့ကစားသမားရဲ့အနာဂတ်ကို ယုံကြည်လျက်ရှိနေပြီး ပေါ့ဘာက အသင်းမှာ နောက်ထပ်(၂)နှစ်ခန့် ဆက်ရှိနေမှာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားပေါ့ဘာဟာ ယူနိုက်တက်အသင်းသားတစ်ယောက် ဖြစ်နေပေမယ့် မကြာခဏ ရီးရဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လေ့ရှိသလို သူကိုယ်တိုင်ကပါ ရီးရဲလ်မှာ ပြောင်းရွှေ့ကစားဖို့အတွက် စိတ်ဝင်တစားရှိနေကြောင်း လူသိရှင်ကြား ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ အခုလည်း ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲတွေ သွားရောက်ကစားနေချိန်မှာ ဒီလိုစကားလုံးမျိုးတွေကို နောက်တစ်ကြိမ်ပြောဆိုလာခဲ့တာကြောင့် သူရဲ့အနာဂတ်က ပြန်လည်လှုပ်ခတ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းမီဒီယာတွေကနေ သုံးသပ်လာခဲ့ကြပါတယ်။

Photo Credit : Daily Star

ဒါပေမယ့် သူရဲ့ကစားသမားပေါ့ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “ပေါလ်က ကျွန်တော်တို့အသင်းရဲ့ ကစားသမားတစ်ယောက်ပါ။ သူက ကျွန်တော်တို့ဆီမှာ နောက်ထပ်(၂)ရာသီလောက် ဆက်လက်ရှိနေဦးမှာပါ။ ပေါလ်က ကျွန်တော်တို့အသင်းအတွက်ကိုပဲ အကောင်းဆုံးကစားပေးနေနိုင်ဖို့ အာရုံစိုက်ထားလိမ့်မယ်ဆိုတာတော့ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ပေါ့ဘာရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့သွားချင်ပါတယ်။ သူအနေနဲ့ ဒီအသင်းမှာ နောက်ထပ်(၂)နှစ်လောက် ဆက်လက်ရှိနေမယ်ဆိုတာတော့ သေချာပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပေါ့ဘာဟာ လာမယ့် ၂၀၂၁ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် စာချုပ်ထဲမှာ နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်မယ့် အချက်အလက်တစ်ခုကို ထည့်သွင်းထားခဲ့သလို ယူနိုက်တက်ဘက်ကလည်း ပေါ့ဘာကို သက်တမ်းတိုးသွားဖို့ ဆန္ဒရှိနေပါတယ်။ ပေါ့ဘာကလည်း ယူနိုက်တက်မှာ ရှိနေရတာကို ပျော်ရွှင်နေတယ်လို့ ဝန်ခံပြောဆိုထားခဲ့ပေမယ့် လက်ရှိမှာတော့ သူရဲ့အပြောင်းအရွှေ့သတင်းတွေက အရမ်းကို ထွက်ပေါ်လျက်ရှိနေပြီး ရီးရဲလ် ဂျုဗင်တပ်စ်အသင်းတို့အပြင် ဘာစီလိုနာအသင်းကလည်း ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပါတယ်။