MySport Myanmar

ယူနိုက်တက်ဆီ တတိယအကြိမ် ပြန်လာနိုင်ကြောင်း အရိပ်အမြွက် ပြသွားခဲ့တဲ့ ပေါ့ဘာ

လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာက သူရဲ့ တရားဝင် အင်စတာဂရမ်ပေါ်မှာ ဓါတ်ပုံ(၂)ပုံကို ဖော်ပြသွားခဲ့ပြီး တစ်ပုံမှာတော့ လက်ရှိ ယူနိုက်တက် ကစားသမား အာမတ်နဲ့ ကာတွန်းပုံလေးဖြစ်ပြီး နောက်တစ်ပုံမှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့လို့ ရေးသားထားတဲ့ စာနဲ့တွဲထားတဲ့ ဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ့ဘာဟာ ယူနိုက်တက်မှာ (၂)ကြိမ်တိုင် ပါဝင်ကစားခဲ့ဖူးပြီး ပထမအကြိမ်ကတော့ လူငယ်အသင်းမှာသာ ကစားခဲ့ရသလို ဒုတိယအကြိမ်မှာတော့ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားခဲ့ရပြီး အသင်းကနေတော့ (၂)ကြိမ်လုံး အလွတ်တွေနဲ့သာ ထွက်ခွာခဲ့ပါတယ်။

Photo Credit : Eurosport

ပေါ့ဘာက ယူနိုက်တက်အပြင် ဂျုဗင်တပ်စ်မှာလည်း (၂)ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးပြီး အသင်းဆီ ဒုတိယအကြိမ် ပြန်ရောက်လာချိန်မှာတော့ ဒဏ်ရာ ပြဿနာတွေအပြင် တားမြစ်ဆေးပါ သုံးခဲ့မိတာကြောင့် ပွဲပယ်ပြစ်ဒဏ်ပါ ချမှတ်ခံခဲ့ရပြီး နောက်ဆုံးမှာ အသင်းနဲ့ပါ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ရပါတယ်။

ပေါ့ဘာရဲ့ နဂို (၄)နှစ်ပွဲပယ်ပြစ်ဒဏ်ဟာ အယူခံအောင်မြင်သွားခဲ့လို့ (၁၈)လအထိ လျော့ပေါ့နိုင်ခဲ့သလို လာမယ့် မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပေမယ့် ပေါ့ဘာကတော့ အခုအချိန်ထိ သူ့အတွက် ကလပ်အသင်းသစ် မတွေ့ရှိသေးဘဲ အသင်းတော်တော်များများနဲ့သာ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေရပါတယ်။

Photo Credit : Instagram

ဒီလိုအချိန်မှာ ပေါ့ဘာက သူရဲ့ Official Instagrm က Instagram Story မှာ ဓါတ်ပုံပို့စ်(၃)ခုကို တစ်ပြိုင်တည်း တင်ထားခဲ့ပြီး တစ်ပုံက ကမ္ဘာကျော် ဘောင်ဆင်သမားကြီး မိုက်တိုင်ဆန်နဲ့ ရိုက်ကူးထားတဲ့ပုံဖြစ်ပြီး နောက်(၂)ပုံမှာတော့ ယူနိုက်တက်အသင်းဖော်ဟောင်း အာမတ်နဲ့ သူရဲ့ ကာတွန်းပုံ နောက်တစ်ပုံက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ပုံတို့ပဲ ဖြစ်ပါတယ်။

ဒီပုံတွေကြောင့် ယူနိုက်တက် ပရိသတ်အများစုကPogback 3.0? လားဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ရေးသားနေကြသလို လက်ရှိအသင်းမှာလည်း ကွင်းလယ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပေါ့ဘာကို အသင်းဆီ ပြန်ရောက်စေချင်တယ်လို့ပါ ရေးသားထားကြပါတယ်။ ဒါ့အပြင် ပေါ့ဘာရဲ့ အသင်းဖော်ဟောင်း ဂရင်းဝုဒ်ဟာလည်း ပေါ့ဘာကို မာဆေးလ်အသင်းဆီ ရောက်လာစေချင်နေပါတယ်။

Exit mobile version