MySport Myanmar

ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည် အနားယူရဖွယ် ရှိနေတဲ့ ပေါလ် ပေါ့ဘာ

ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကနေ ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ဂျူဗင်တပ် ၂-၀ ချေးဗက်စ် ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကာလရှည် အနားယူရဖွယ် ရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက သူ့ရဲ့ ကစားသမား ဘဝမှာ ဒုတိယအကြိမ်မြောက် အဖြစ် ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဂျူဗင်တပ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Reuters

ပေါ့ဘာက ဂျူဗင်တပ်ထံ ပြန်လည် ရောက်ရှိပြီးနောက် ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းကို ခံခဲ့ရသလို အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် ဇူလိုင်လ ၂၃ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျူဗင်တပ် ၂-၀ ချေးဗက် ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ကနဦးမှာ ဂျူဗင်တပ်က ပေါ့ဘာရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘူးလို့ ထင်မြင် ယူဆခဲ့ပေမယ့် ဆေးစစ်မှု တချို့ လုပ်ပြီးချိန်မှာတော့ ပေါ့ဘာက ဒူးအရွတ် ရွေ့သွားတဲ့ ဒဏ်ရာ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ဂျူဗင်တပ်ရဲ့ ဆေးအဖွဲ့က ပေါ့ဘာကို လိုအပ်တဲ့ အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်ရန် စီစဉ်ထားကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

Photo Credit: Reuters

ဂျူဗင်တပ်က – “ပေါ့ဘာရဲ့ ညာဘက်ဒူးဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလပ်ခဲ့ပြီးနောက် သူဟာ ဒူးအရွတ် ရွေ့သွားတဲ့ ဒဏ်ရာကို ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။ လာမယ့် နာရီပိုင်း အတွင်းမှာပဲ ပေါ့ဘာက အထူးကု အရိုးဆရာဝန် တဦးနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဒဏ်ရာကို အသေးစိတ် ထပ်မံ စစ်ဆေးဖို့လည်း ရှိပါတယ်။ ဒါကြောင့် ဆေးစစ်မှုတွေ ပြုလုပ်ဖို့နဲ့ ဆေးကုသမှုတွေ ခံယူနိုင်ဖို့ အတွက် ပေါ့ဘာက ဒဲလက်စ်မြို့ဆီ လိုက်ပါနိုင်တော့မှာ မဟုတ်ပါဘူး” လို့ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့တာပါ။

ဒူးအရွတ်ဒဏ်ရာကြောင့် ပေါ့ဘာက ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ ဒဲလက်စ်မြို့မှာ ယှဉ်ပြိုင် ကစားကြမယ့် ခြေစမ်းပွဲကို လွဲချော်ရဖို့ သေချာသွားသလို သူ့ရဲ့ ဒဏ်ရာကို ကုသဖို့ အတွက် အနည်းဆုံး ၁လကနေ အများဆုံး ၃လ ဝန်းကျင် အထိ အနားယူရဖွယ် ရှိနေကြောင်း အထူးကု ဆရာဝန်တချို့က သုံးသပ်ထားကြပါတယ်။

Exit mobile version