ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီးသတင်းစာတစ်ခုဖြစ်တဲ့ L’Equipe ရဲ့ ဖော်ပြချက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိထားရပေမယ့်လည်း နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ ပေါ့ဘာနဲ့ အေးဂျင့်ဖြစ်သူတို့ဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းထားမှုကို အခုချိန်ထိ အကြောင်းပြန်ထားခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။

Photo Credit : The Mirror

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက်ဘက်က သူတို့ရဲ့ အဓိက ကစားသမားတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရအောင် ဇူလိုင်လကတည်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ထဲမှာ ကာလရှည် စာချုပ်သစ်တစ်ရပ်အပြင် ပေါ့ဘာရဲ့ တစ်ပတ်လုပ်ခကိုပါ တိုးမြှင့်ပေးထားခဲ့ပေမယ့် ကစားသမားနဲ့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာတို့က ဒီကမ်းလှမ်းမှုကို အကြောင်းပြန်ထားခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ဂိုးဖန်တီးမှုကို (၇)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပြီး အသင်းအတွက် အကောင်းဆုံး စွမ်ဆောင်ထားနိုင်ခဲ့တာကြောင့် သူ့ကို ယူနိုက်တက်အသင်းကနေ လက်လွတ်မသွားချင်တာ ဖြစ်ပေမယ့်လည်း ပေါ့ဘာရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေသလို သူရဲ့အေးဂျင့်ြ့ဖစ်သူကလည်း ပေါ့ဘာကို ယူနိုက်တက်နဲ့ သက်တမ်းတိုးခြင်း မပြုလုပ်ကပဲ ရီးယဲလ်မက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရှိရပါတယ်။ ပေါ့ဘာရဲ့ အနာဂတ်အခြေအနေတွေက သဲသဲကွဲကွဲ သေချာမသိရှိရသေးပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကနေ ပေါ့ဘာအတွက် စံချိန်တင် လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ပေါ့ဘာဘက်ကနေ လက်ခံလာဖွယ် ရှိနေသလို အနိမ့်ဆုံး တစ်ပတ်လုပ်ခ ပေါင်(၄)သိန်းလောက်နဲ့ကို ကမ်းလှမ်းရနိုင်ပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် (၆)ရာသီ်မြောက်အဖြစ် ပါဝင်ကစားနေတာဖြစ်ပြီး အသင်းနဲ့အတူ ပွဲစဉ်ပေါင်း (၂၀၈)ပွဲ ပါဝင်ကစားထားခဲ့ရာ သွင်းဂိုးစုစုပေါင်း (၃၈)ဂို်းအထိ သွင်းယူထားနိုင်ခဲ့ကာ အသင်းနဲ့ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။