လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာကတော့ သူဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်သာ ၁၀၀၀ရာခိုင်နှုန်း အပြည့်အဝ ပေးဆပ် ကစားနေကြောင်း ဖွင့်ဟ သွားခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန် အထိ နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှု မရသေးပါဘူး။

Photo Credit: Goal

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာတော့ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက ပေါ့ဘာရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဆိုခဲ့သလို သူ့ရဲ့ ကစားသမားကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့် ပေးလိုက်တာက နှစ်ဖက်စလုံး အတွက် ကောင်းမွန်တဲ့ အဖြေတစ်ခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရိုင်းအိုလာရဲ့ အဆိုပါ ပြောစကားတွေကြောင့် ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေကရော ၊ ဘောလုံး ဝေဖန်သုံးသပ်သူတွေ ကပါ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာက သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန် သွားခဲ့ပြီး အသင်းတွင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ မသိရင် သူ့ကို မဝေဖန်ပါနဲ့လို့ ဆိုခဲ့ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားနေတဲ့ အကြောင်းကို ပေါ့ဘာက “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေ အတွက် ၊ ပရိသတ်တွေ အတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့သလို အနာဂတ်မှာလည်း ဆက်လက်ပြီး တိုက်ပွဲဝင် ပေးဦးမှာပါ။ ဝေဖန်မှုတွေက အရေးမပါပါဘူး။ အနာဂတ်ဆိုတာ ဝေးပါသေးတယ်။ ဒီနေ့မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်က အသင်းအတွက် ၁၀၀၀ရာခိုင်နှုန်း ပေးဆပ်ခဲ့ပါတယ်။ အမြဲတမ်း အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေပါတယ်။ အသင်းနဲ့ ကျွန်တော့်ရဲ့ကြားမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို အသင်းကရော ကျွန်တော်ကပါ ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါက ပြောင်းလဲ သွားမယ့် အရာ မဟုတ်ပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။