ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ကတော့ စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားဖို့ဟာ သူ့ရဲ့ အိမ်မက်တစ်ခု ဖြစ်ကြောင်း နောက်ဆုံး ဖြေဆိုခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂ရနှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ မန်ယူအသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစား နေတယ် လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပေါ့ဘာဟာ လက်ရှိ အချိန်အထိ မန်ယူအသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးပါဘူး။

Photo Credit: SportBible

မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားက ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အဓိက ထောက်တိုင် ကစားသမား တစ်ဦးဖြစ်တယ်လို့ ပြောဆိုထားပေမယ့် မန်ယူအသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းလာခြင်း မရှိသေးဘူးလို့ ပေါ့ဘာက ဆိုပါတယ်။ ဒါ့အပြင် ပေါ့ဘာက သူဟာ လက်ရှိအချိန်မှာ မန်ယူအသင်းမှာ ရှိနေရတာကို ပျော်ရွှင်နေပေမယ့် ပြင်သစ်လူမျိုး နည်းပြတစ်ဦးဖြစ်တဲ့ ဇီဒန်း ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူ့အတွက် အိမ်မက်အသင်း တစ်ခုဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ ကစားဖို့ မျှော်မှန်းထားကြောင်း ပြောကြား သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ချင်တဲ့ အကြောင်းကို ပေါ့ဘာက အခုလို ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

Photo Credit: SportBible

“ ဇီဒန်းလား…။ မီဒီယာတွေ ပြောနေတဲ့ စကားတွေ အားလုံးကို ကျွန်တော်တို့ ကြားနေရတာပဲလေ။ ကျွန်တော့်ရဲ့ အဖြေလား…။ ဒါပေါ့။ ဘောလုံးသမားတိုင်းက ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားချင်ကြတာပါပဲ။ ဒါက အိမ်မက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက အိမ်မက်တစ်ခုပါပဲ။ တစ်နေ့မှာ ဘာလို့ မဖြစ်လာနိုင်ရမှာလဲ။ ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ။ အခု ကျွန်တော်က မန်ချက်စတာမှာ ရှိနေပြီးတော့ အသင်းကိုလည်း ချစ်ပါတယ်။ ကျွန်တော်က မန်ချက်စတာမှာ ပုံစံကောင်းတွေ ပြနေတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ကျေနပ်တယ်။ ပြီးတော့ မန်ယူအသင်း အနေနဲ့ ရောက်သင့်တဲ့ နေရာတစ်ခုကို ပြန်ရောက်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော့် အသင်းဖော်တွေလိုပဲ အသင်းအတွက် အရာအားလုံး ပေးဆပ်သွားမှာပါ “