ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ပြင်သစ် နိုင်ငံသား ပေါလ်ပေါ့ဘာကို နှစ်ရှည် စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီ လို့ သိရှိရပါတယ်။ အသက်၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါလ် ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဂျူဗင်တပ် အသင်းထံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ အပြီးမှာ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၈၉.၃ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Talksport

မန်ယူအသင်းနဲ့ ပေါ့ဘာတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ပေါ့ဘာဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မန်ယူအသင်းဘက် ကတော့ ပေါ့ဘာကို တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေပါသေးတယ်။ ဒါပေမယ့် မန်ယူအသင်း ကတော့ ပေါ့ဘာကို အသင်းမှာ ကာလရှည် ဆက်ရှိနေအောင် ထိန်းသိမ်း သွားဖို့ စဉ်းစားနေပြီး ယခုနှစ် ဘောလုံးရာသီ မကုန်ခင်ကတည်းက ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းနေခဲ့တာပဲ ဖြစ်ပါတယ်။ ပေါ့ဘာဘက်ကလည်း တိုးတက်လာတဲ့ မန်ယူအသင်းရဲ့ အခြေအနေတွေကြောင့် အသင်းမှာ ဆက်လက် နေသွားဖို့ ဆန္ဒရှိနေပြီး ပေါ့ဘာဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း ဆွေးနွေးနေပြီ ဖြစ်ကြောင်း ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက အတည်ပြု သွားခဲ့ပါတယ်။

Photo Credit: Talksport

ပေါ့ဘာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရိုင်းအိုလာက ” ပေါ့ဘာဟာ မန်ယူအသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စီမံချက်မှာ အရမ်း အရေးပါတဲ့ နေရာမှာ ရှိနေဆဲပါပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာတော့ မန်ယူအသင်းဟာ ဆွေးနွေးမှုတွေကို အရမ်းကြီး မချပြတတ်ပါဘူး။ မန်ယူအသင်းဟာ ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားချင် နေပြီး ဘယ်လို ကမ်းလှမ်းမှုပဲ ရောက်လာပါစေ ငြင်းဆန် ပယ်ချသွားမှာပါ။ လက်ရှိမှာတော့ အခြေအနေတွေ အားလုံးဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။ မကြာမီမှာပဲ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်သွားမှာပါ စာချုပ်သစ် ချုပ်ဖို့ အတွက် ဘာဖိအားမှ ရှိမနေပါဘူး ” လို့ ပြောကြားသွားခဲ့တာပါ။ လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် အသင်းဟောင်း ဂျူဗင်တပ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။