ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ အသင်းကနေ ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချဖို့ ဆုံးဖြတ်ထားကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေကာ ပေါ့ဘာရဲ့ ကိုယ်စားလှယ်တွေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြားမှာ ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်နေပါတယ်။

Photo Credit: 90 Min

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ပေးချေကာ ခေါ်ယူထားရတဲ့ ကစားသမား တဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို အသင်းရဲ့ အဓိက ကစားသမား အဖြစ် ရှုမြင်ထားပြီး စာချုပ်သစ်မှာ တပတ်လုပ်ခ ယူရို ၃သိန်းခွဲအထိ ပေးချေမယ် ဆိုပြီး ကမ်းလှမ်းထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာပြီး ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်မယ့် အသင်းတသင်းထံ ပြောင်းရွှေ့ချင်နေကာ လတ်တလောမှာတော့ သူ့ကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေပေမယ့် အကယ်၍ ပေါ့ဘာဘက်ကသာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ပေါ့ဘာကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ပြင်ဆင်ထားကာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် အလိုရှိနေကြောင်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။ လက်ရှိမှာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းက ရေပန်းအစားဆုံး ဖြစ်နေပေမယ့် စပိန် လာလီဂါကလပ် ရီးရဲလ် မက်ဒရစ်အသင်းဟာလည်း ပေါ့ဘာကို ခေါ်ယူနိုင်ချေ ရှိနေပြီး နှစ်သင်းစလုံးဟာ ပေါ့ဘာအတွက် ယူရို ၆၀သန်း ဝန်းကျင်ကိုသာ သုံးစွဲချင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Witness သတင်းဌာနက ဖော်ပြသွားပါတယ်။