ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ပဲ အသင်းကနေ ထွက်ခွာဖို့သာ ဆုံးဖြတ်ချက် ချခဲ့ကြောင်း နာမည်ကြီး အင်္ဂလန် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ လိုလားပေမယ့် ပေါ့ဘာကတော့ အသင်းကနေသာ ထွက်ခွာချင်ခဲ့ပါတယ်။

Photo Credit: Standard

ယနေ့မနက်ပိုင်းမှာ ရရှိလာတဲ့ သတင်းတွေအရ ပေါ့ဘာရဲ့ အေးဂျင့်တွေဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပြီး ပေါ့ဘာဟာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ အသိပေးခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ သူ့ကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်မလား ဒါမှမဟုတ် ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးမလား ဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို နောက်ထပ်တကြိမ် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မခံတော့ပဲ ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားကာ ပေါ့ဘာအတွက် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။

ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ တသင်းထဲသော အသင်း ဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာအတွက် တရားဝင် ကမ်းလှမ်းမှုကို မကြာခင်မှာပဲ ပြုလုပ်ဖွယ် ရှိပါတယ်။