ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဂျူဗင်တပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒုတိယံမိ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျူဗင်တပ် ၂-၀ ချီဗက် ပွဲစဉ်မှာ ဒူးအကြောဒဏ်ရာ ရရှိခဲ့တာကြောင့် လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရနိုင်ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပြင်သစ်နဲ့ ဂျူဗင်တပ်တို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက တကျော့ပြန် တူရင်မြေ ခရီးစဉ်ရဲ့ ပထမဦးဆုံး ပွဲစဉ်အဖြစ် ချီဗက်နဲ့ ရာသီကြို ခြေစမ်းပွဲကို ဝင်ရောက် ကစားခဲ့ရာမှာ ညာဘက် ဒူးအကြောဒဏ်ရာ ရရှိသွားခဲ့တာပါ။

Photo Credit: Gazetta

ကနဦးမှာ ဂျူဗင်တပ်ရဲ့ ဆေးအဖွဲ့က ပေါ့ဘာရဲ့ ဒူးခေါင်းဒဏ်ရာဟာ အသေးစား ဒဏ်ရာပဲ ဖြစ်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ ပေါ့ဘာရဲ့ ဒဏ်ရာက အကြောပြတ်ဒဏ်ရာမျိုး ဖြစ်နေတာကြောင့် အထူးကု ဆရာဝန်တွေနဲ့ပါ သေချာ စစ်ဆေးမှုတွေ ပြုလုပ်နေရပါတယ်။

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါ့ဘာက သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ရဖို့ နီးစပ်နေပြီး အကယ်၍ ဒူးဒဏ်ရာကိုသာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရင် ပေါ့ဘာဟာ ၂၀၂၃ခုနှစ် ရောက်မှသာ မြက်ခင်းစိမ်းတွေပေါ် ပြန်လည် ခြေချနိုင်ဖို့ ရှိနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ သေချာပေါက် လွဲချော်ရမယ်လို့ သိရပါတယ်။

Photo Credit: Gazetta

လက်ရှိမှာတော့ ဂျူဗင်တပ်ရဲ့ ဆေးအဖွဲ့နဲ့ ပေါ့ဘာတို့က သူ့ရဲ့ ဒူးခေါင်းဒဏ်ရာကို ရေတိုနည်းနဲ့ ကုသနိုင်မယ့် နည်းလမ်းမျိုးတွေ စတင် ရှာဖွေနေပြီး ပေါ့ဘာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို မလွဲချော်ချင်တာကြောင့် သူ့ရဲ့ ဒဏ်ရာကို အမြန်ဆုံး သက်သာ ပျောက်ကင်းစေမယ့် ဘယ်လိုဆေးပညာကိုမဆို သုံးစွဲဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်တဲ့လူတွေက သတင်းဌာနတွေကို ပြောကြားထားကြပါတယ်။