MySport Myanmar

တားမြစ်ဆေး သုံးစွဲခဲ့တဲ့ ပေါ့ဘာကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေတဲ့ ဂျူဗင်တပ်

အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က မကြာသေးမီကမှ တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဂျူဗင်တပ်ထံ တကျော့ပြန် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဂျူဗင်တပ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football 365

ပေါ့ဘာက ဂျူဗင်တပ် အတွက် ပထမအကြိမ် ကစားပေးခဲ့စဉ်မှာ အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် တကျော့ပြန် ပြန်လည် ရောက်ရှိလာချိန်မှာတော့ ခြေစွမ်းကောင်းတွေ မပြသနိုင်သေးသလို ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် ကစားနိုင်ဖို့တောင် ရုန်းကန်နေရပါတယ်။

ပေါ့ဘာက ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်အတွက် စုစုပေါင်း ၁၀ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို ယခုနှစ်ရာသီမှာလည်း ၂ပွဲထဲသာ ပါဝင် ကစားပေးထားတဲ့အပြင် ဩဂုတ်လ ၂၀ရက်နေ့မှာ ကစားခဲ့တဲ့ ဂျူဗင်တပ် ၃-၀ အူဒီးနိစ် ပွဲစဉ်မှာ တားမြစ်ဆေး စစ်ဆေးမှု ခံယူခဲ့ရာ ဆေးကျခဲ့ပါတယ်။

Photo Credit: Standard

ဂျူဗင်တပ် ၃-၀ အူဒီးနိစ် ပွဲစဉ်မှာ ပေါ့ဘာက တားမြစ်ဆေး သုံးစွဲမှု ရှိ ၊ မရှိ စစ်ဆေးခံခဲ့ရပြီး အဆိုပါ စစ်ဆေးမှုမှာ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိတာကြောင့် အီတလီနိုင်ငံရဲ့ တားမြစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး ကော်မတီက ပေါ့ဘာကို ဘောလုံးကစားခွင့် ယာယီ ပိတ်ထားပါတယ်။

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာရဲ့ ဖော်ပြချက်အရ ပေါ့ဘာက သူဟာ တားမြစ်ဆေးကို ရည်ရွယ်ချက် ရှိရှိ သုံးစွဲခဲ့တာ မဟုတ်ပဲ အမေရိကန်ထုတ် အာဟာရဖြည့်ဆေးကို စားသုံးရင်း ကနေ အခုလို တားမြစ်ဆေး စစ်ဆေးမှု ကျခဲ့တာ ဖြစ်ကြောင်း ဖြေရှင်းထားပေမယ့် ဂျူဗင်တပ်ကတော့ သူတို့အသင်းကို အသိမပေးပဲ အခုလို အာဟာရဖြည့်ဆေး သုံးစွဲခဲ့တဲ့ ပေါ့ဘာရဲ့ လုပ်ရပ်ကို စိတ်ပျက်နေသလို ပေါ့ဘာရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ပါ စဉ်းစားနေကြောင်း သိရပါတယ်။

Exit mobile version