ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါ့ဘာကတော့ လက်ရှိ ဘောလုံးရာသီမှာ သူ့အနေနဲ့ ပုံမှန် ခြေစွမ်းကောင်း မပြနိုင်တာဟာ ကိုဗစ်ဗိုင်းရပ် ကူးစက်ခံခဲ့ရတာကြောင့် ဖြစ်တယ် လို့ ဝန်ခံစကား ဆိုသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ကိုရိုနာဗိုင်းရပ် ကူးစက် ခံခဲ့ရတာ ဖြစ်ကာ ရောဂါပိုး ကူးစက်ပြီး နှစ်ပတ် အကြာမှာ ရောဂါပိုး ပျောက်ကင်းကာ အသင်းအတွက် ပြန်လည် ကစားပေး နိုင်ခဲ့ပေမယ့် အဆိုပါ ပွဲစဉ်တွေမှာ သူ့ရဲ့ ခြေစွမ်းတွေဟာ ပုံမှန်ထက် နိမ့်ကျတဲ့ အနေအထား တစ်ခုမှာ ရှိခဲ့ပါတယ်။

Photo Credit: Standard

ဒါ့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ မကြာခင်က ကစားခဲ့တဲ့ ပွဲစဉ် အနည်းငယ်မှာ ပေါ့ဘာကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပေါ့ဘာဟာ အသင်းအတွက် ပြန်လည် ပွဲထွက် ကစားခွင့် ရရှိခဲ့သလို အရေးပါတဲ့ ချေပဂိုး တစ်ဂိုးကိုလည်း သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပေါ့ဘာက ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် သူ့အနေနဲ့ အလွယ်တကူ မောပန်းတတ်တဲ့ ရောဂါ လက္ခဏာတွေကို ခံစားခဲ့ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Standard

ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ ရပြီးနောက် ဖြစ်ပေါ်လာတဲ့ ရောဂါ လက္ခဏာတွေ အကြောင်းကို ပေါ့ဘာက အခုလိုပဲ ပြောပြ သွားခဲ့တာပါ။ ပေါ့ဘာက “အဲ့ဒါက အရမ်းကို ထူးဆန်းပါတယ်။ ပြီးတော့ ခင်ဗျားတို့ နားလည်အောင် ရှင်းပြဖို့လည်း ခက်ခဲပါတယ်။ လေ့ကျင့်ရေးကွင်း မှာတောင် ကျွန်တော်က အသင်းရဲ့ ကြံ့ခိုင်ရေး နည်းပြနဲ့ ကျွန်တော် ခံစားနေရတဲ့ ထူးဆန်းတဲ့ လက္ခဏာတွေ အကြောင်းကို ပြောဖြစ်ပါတယ်။ ကျွန်တော်က ကျွန်တော် မဟုတ်သလိုပါပဲ။ ကျွန်တော်က ခပ်မြန်မြန် မောပန်းသွားတတ်ပြီး အသက်ရှူနှုန်း ကလည်း အရမ်းကို မြန်နေပါတယ်။ အသင်းရဲ့ ပထမဦးဆုံး ရာသီအဖွင့်ပွဲမှာ ကျွန်တော် ကောင်းကောင်း မပြေးနိုင်ခဲ့ပါဘူး။ ကျွန်တော် ပြေးနိုင်အောင် ကြိုးစားခဲ့ပါသေးတယ်။ ပြီးတော့ ကျွန်တော်က မန်နေဂျာနဲ့ ဒီကိစ္စအကြောင်းကို ပြောဖြစ်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အနေအထား ပိုမို ကြံ့ခိုင်လာအောင် လုပ်ဆောင်ဖို့ အချိန်ယူခဲ့ ရပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။