ယမန်နေ့ညမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက သူ့ရဲ့ ကစားသမား ဖြစ်သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်နေတော့မှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အဆိုပါ သတင်းဟာ ဥရောပ ဘောလုံးလောကကို အတော်လေး ရိုက်ခတ် သွားစေတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး အထူးသဖြင့် ယနေ့ညမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျာမန် နာမည်ကြီး အသင်းဖြစ်တဲ့ လိုက်ပ်ဇက်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ကာ အဆိုပါပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်နိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တာကြောင့် အရေးကြီးတဲ့ ပွဲစဉ်မတိုင်မီ ပေါ့ဘာရဲ့ အနာဂတ်အကြောင်း ပြောဆိုခဲ့တဲ့ ရိုင်းအိုလာရဲ့ လုပ်ရပ်ကို ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန် နေကြပါတယ်။

Photo Credit: Sky Sports

ရိုင်းအိုလာ ကတော့ သူ့ရဲ့ ကစားသမား ဖြစ်သူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်ရှိဖို့ ဆန္ဒမရှိတော့ကြောင်း အတိအလင်း ဖွင့်ဟ သွားသလို ပေါ့ဘာအတွက်ရော မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်ပါ အကောင်းဆုံး ဖြေရှင်းမှု တစ်ခုကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေါ့ဘာကို အသင်းကနေ ထွက်ခွာခွင့် ပေးတာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Calcio Mercatoနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိိမှာတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော် ကျန်ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းက ပေါ့ဘာကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ ထိန်းသိမ်းကာ နွေရာသီ အပြောင်းအရွှေ့ရောက်မှ အသင်းကနေ ထွက်ခွာခွင့် ပေးနိုင်ပေမယ့် ပေါ့ဘာ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာချင် နေပါတယ်။

Photo Credit: Sky Sports

ပေါ့ဘာကို ခေါ်ယူဖို့အတွက် သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းက အတော်လေး စိတ်ဝင်စား နေပြီး ရိုင်းအိုလာကလည်း ပေါ့ဘာရဲ့ အသင်းသစ်ဟာ ဂျူဗင်တပ်အသင်း ဖြစ်ဖွယ် ရှိကြောင်း ဆိုလာပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ် အသင်းထံ ပြန်လည် ပြောင်းရွှေ့လာနိုင်လား ဆိုတဲ့ မေးခွန်းအပေါ် ရိုင်းအိုလာက “ဒါပေါ့။ ပေါ့ဘာက ဂျူဗင်တပ်အသင်းဆီ ပြန်လာနိုင်ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မပျော်ရွှင်ဘူးလေ” လို့ ဖြေကြား သွားခဲ့တာပါ။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဝတ်လဲခန်းထဲမှာ သူ့ရဲ့ အရေးပါမှု လျော့နည်းလာတာကို အတော်လေး မပျော်မရွှင် ဖြစ်နေပြီး ဘရူနို ဖာနန်ဒက်ရဲ့ အသင်းအပေါ် လွှမ်းမိုးမှုကို သဘောမကျတာကြောင့် အခုလို အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။