တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလို့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးပွဲတွေကို ရပ်ဆိုင်းထားခဲ့ရာ အခုလက်ရှိအချိန်ထိ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲကလွဲလို့ ကျန်တဲ့ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလို မစတင်နိုင်သေးတဲ့ လိဂ်တွေထဲမှာ ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရထားတဲ့ ပရီးမီးယားလိဂ်လည်း ပါဝင်လို့နေပါတယ်။ လာမယ့်ဇွန်လလောက်မှာ စတင်နိုင်ဖို့ စီစဉ်ထားပေမယ့်လည်း အခုချိန်ထိ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှုက ရှိနေသေးတဲ့အတွက် ပြိုင်ပွဲပြန်လည်စတင်နိုင်မယ့် နေ့ရက်က ထင်ထားတာတာထက်တောင် နောက်ဆုတ်ရနိုင်ပါတယ်။

Photo Credit : The Sun

အခုလို ဘောလုံးပွဲတွေကို ရက်ပေါင်းများစွာ ရပ်နားထားရချိန်မှာ တစ်ခုကောင်းတာကတော့ ဒဏ်ရာပြသာနာတွေကြောင့် အနားယူနေရတဲ့ ကစားသမားတွေက အဲ့ဒီဒဏ်ရာကြောင့် ပွဲစဉ်တွေကို မလွဲချော်ရတော့ပဲနဲ့ တချို့ဆိုရင် ဒီကာလအတွင်းမှာ ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာခဲ့ကာ ကြံခိုင်မှုအပိုင်းမှာလည်း တိုးတတ်ကောင်းမွန်လာခဲ့ကြပါတယ်။ ဒီကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မားကပ်ရပ်ဖိုဒ့်နဲ့ ပေါလ်ပေါ့ဘာတို့လည်း ပါဝင်နေကာ ဒီကစားသမား(၂)ယောက်လုံးဟာ ဒဏ်ရာတွေကနေ အသီးသီး သက်သာနေကြပြီလို့ သိရှိရပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာဆိုရင် တစ်ရာသီလုံးမှာ ဒဏ်ရာပြသာနာတွေနဲ့ပဲ လုံးပန်းနေရလို့ ဒီနှစ်မှာ ယူနိုက်တက်အသင်းအတွက် (၈)ပွဲလေးပဲ ပါဝင်နိုင်ခဲ့ရပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ရပ်ဖိုဒ့်ကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် အထူးခြေစွမ်းပြထားခဲ့ပေမယ့် ပြီးခဲ့တဲဲ့ ဇန်နဝါရီလကပဲ ကျောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားခံရတဲ့ ကာလအတွင်းမှာပဲ ကစားသမား(၂)ယောက်လုံးက သူတို့ဒဏ်ရာတွေကနေ အသီးသီး သက်သာလာခဲ့ပြီး အသင်းနဲ့လည်း လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်ပြုလုပ်နေပြီဖြစ်လို့ ပြိုင်ပွဲတွေသာ ပြန်လည်စတင်ဖြစ်မယ်ဆိုရင် ကစားသမား(၂)ယောက်လုံးက အသင်းအတွက် ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေမှာကို ယုံကြည်ကြောင်း ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလာခဲ့ပါတယ်။ ဆိုးလ်ရှားက “သူတို့နှစ်ယောက်လုံး အခြေအနေကောင်းပါတယ်။ တခြားကစားသမားတွေလို လေ့ကျင့်ခန်းတွေကို အပြည့်အဝလုပ်နိုင်တယ်။ ပြိုင်ပွဲတွေ ပြန်စမယ်ဆိုရင်တော့ အသင်းရဲ့ လူစာရင်းက လုံးဝတောင့်တင်းနေမှာပါ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။