မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ အသင်းဖော်တွေ ထိခိုက်မှုတွေရှိခဲ့တာကြောင့် ဒဏ်ရာပြသာနာအသီးသီး ရရှိခဲ့တဲ့အတွက် ဒီနေ့ည(၈)နာရီခွဲအချိန်မှာ ကစားသွားရမယ့် ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)ကို ပါဝင်ကစားဖို့ မသေချာတော့တဲ့ အနေအထားတွေ ဖြစ်နေရတယ်လို့ သတင်းတွေကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Youtbue

ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ဟာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ အသင်းဖော်တချို့နဲ့ မတော်တဆ ထိခိုက်မိလို့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့က မသေချာတော့ပဲ ပေါ့ဘာထက် ဖာနန်ဒက်စ်ရဲ့ ဒဏ်ရာအခြေအနေက ပိုမိုဆိုးရွှားနိုင်တယ်လို့ ယူနိုက်တက်သတင်းတွေ လိုက်နေသူများက ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကနေတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘာမှသတင်းထုတ်ပြန်ခြင်းတော့ မရှိပါဘူး။

Photo Credit : MUFClastet

ယူနိုက်တက်အသင်းဟာ ဆယ်ရက်တာအတွင်းမှာပဲ ဘုန်းမောက် အက်စတွန်ဗီလာ ဆောက်သမ်တန်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်တိုက်ဆင်နွဲရမှာဖြစ်ပြီး လက်ရှိမှာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးနေတဲ့ အခြေအနေဖြစ်လို့ ပေါ့ဘာနဲ့ဖာနန်ဒက်စ်သာ ဒဏ်ရာအခြေအနေ ဆိုးရွှားမယ်ဆိုရင် ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ဖီးလ်ဂျုံးနဲ့ တွမ်ဇီဘီတို့ကလည်း ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရလို့ ယူနိုက်တက်လူငယ်အသင်းက နောက်ခံလူလေးတစ်ဦးဖြစ်တဲ့ အီသန်လတ်ဒ်ဆိုတဲ့ ဆယ်ကျော်သက်ကစားသမားလေးကို ခေါ်ယူထားပါတယ်။ ဒီကစားသမားလေးက ယူနိုက်တက်အသင်းကြီးနဲ့ တစ်ကြိမ်ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး နယ်သာလန်ကလပ် အယ်ခမာနဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့လည်း ရမှတ်(၂)မှတ်သာ ကွာဟနေတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနိင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။