ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ပီတာခရော့ရှ် ကတော့ လက်ရှိမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကို သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်သူ ဂျာရတ်ရဲ့ စိတ်ဓာတ်ကို အတုယူကာ ကစားဖို့ တိုက်တွန်း လိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသက် ၂၇နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသလို ပုံမှန် ခြေစွမ်းကောင်း တစ်ခု ပြသနိုင်ခြင်း မရှိတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါ့အပြင် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်တာကြောင့် လက်ကျန်ပွဲတွေမှာသာ ခြေစွမ်း မပြနိုင်ပါက အသင်းကနေ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရောင်းချခံရဖွယ် ရှိနေပါတယ်။ ပီတာခရော့ရှ် ကတော့ ပေါ့ဘာဟာ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ ဂျာရတ်နဲ့ အရည်အချင်း တူညီတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူး သွားသလို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံစံကောင်း ပြသနိုင်ဖို့ အတွက် ဂျာရတ်ရဲ့ စိတ်ဓာတ်ကို အတုယူသင့်ကြောင်း ဆိုသွားပါတယ်။ ပီတာခရော့ရှ် တစ်ယောက် မီးမောင်း ထိုးပြသွားတဲ့ ဂျာရတ်ရဲ့ စိတ်ဓာတ် ကတော့ အသင်းရှုံးနိမ့်နေချိန်မှာ ပေါက်ကွဲအား ကောင်းကောင်းနဲ့ ကစားကာ သွင်းဂိုး သွင်းယူတဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ပေါ့ဘာဟာ ဂျာရတ်ရဲ့ စိတ်ဓာတ်ကို အတုယူသင့်ကြောင်းကို ပီတာခရော့ရှ်က “ပေါ့ဘာဟာ ကျွန်တော် လီဗာပူးအသင်းနဲ့ အင်္ဂလန်အသင်း အတွက် ကစားပေးတဲ့ အချိန်မှာ ဂျာရတ်ရဲ့ ပွဲအပေါ် သက်ရောက်နိုင်စွမ်း ရှိတဲ့ အရည်အချင်းမျိုး ရှိတဲ့ ကစားသမားလို့ ကျွန်တော် ခံစားနေရပါတယ်။ သူ့မှာ ကြယ်ပွင့် တစ်ဦးရဲ့ အရည်အချင်းတွေ ရှိပြီး အဲ့ဒါတွေကို သူ ပြင်သစ်အသင်း အတွက် ကစားပေးတဲ့ အချိန်မှာ မြင်တွေ့ နိုင်ပါတယ်။ ကျွန်တော်ဟာ ပေါ့ဘာနဲ့အတူ မြက်ခင်းပြင် တစ်ခုထဲမှာ အတူရှိဖူးပြီး သူဟာ အသင်းရဲ့ ကစားပုံကို ဂီယာ ၃ခုလောက် မြှင့်လိုက်သလို မြှင့်ပေးနိုင်ပါတယ်။ သူနဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို ဒွိဟ ဖြစ်စေတဲ့ တစ်ခုတည်းသော အချက်က သူ့ရဲ့ ဆန္ဒပြင်းပျမှုပါပဲ။ သူက တကယ်ရော အသင်းအတွက် ခြေစွမ်းပြ ကစားချင်ရဲ့လား။ တကယ်လို့ ပွဲတစ်ပွဲဟာ အခြေအနေ ဆိုးနေပြီဆိုရင် ဂျာရတ်က တစ်ဖက် ကစားသမားတွေကို အနိုင်ယူပြီး သွင်းဂိုးတစ်ဂိုး သွင်းယူတော့တာပါပဲ။ ပေါ့ဘာမှာလည်း အဲ့ဒီလို အရည်အချင်းမျိုး ရှိပါတယ်။ သူ အသုံးချဖို့ပဲ လိုတာပါ” လို့ ပြောကြား သွားခဲ့တာပါ။