ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိုင်လီအသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကို ပထမပိုင်း အပြီးမှာပဲ ဘာကြောင့် လူစားလဲခဲ့ရလဲ ဆိုတာကို ပွဲအပြီးမှာ ရှင်းလင်းသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးချိန်မှာပဲ အခြား တိုက်စစ်မှူး တဦး ဖြစ်တဲ့ အိုင်ကာဒီနဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit: Marca

ပုံမှန်အားဖြင့် ဘောလုံးပွဲစဉ်တွေမှာ မိနစ် ၆၀ နောက်ပိုင်းကို ရောက်မှသာ လူစားလဲမှုကို ပြုလုပ်လေ့ ရှိပြီး ခြေစွမ်း အင်မတန် ညံ့ဖျင်းလွန်းတဲ့ ကစားသမားတွေကိုမှ ပထမပိုင်း ပွဲကစားချိန် အပြီးမှာ လူစားလဲမှု ပြုလုပ်တတ်တာကြောင့် မက်ဆီကို ပထမပိုင်း အပြီးမှာပဲ လူစားလဲခဲ့မှုဟာ ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေ ကြားမှာ မေးခွန်းထုတ်စရာ တချို့ ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့်လည်း ပိုချက်တီနိုက ပွဲပြီးဆုံးချိန်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ မက်ဆီကို ပထမပိုင်း အပြီးမှာ လူစားလဲခဲ့ရတာဟာ ခြေစွမ်းကြောင့် မဟုတ်ပဲ ဒဏ်ရာ ရရှိနိုင်တဲ့ အခြေအနေကို ကြိုတင် ကာကွယ်ခဲ့တာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ပိုချက်တီနိုက – “ မက်ဆီက ဒဏ်ရာ ရရှိသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက ဒဏ်ရာ ရရှိမှာကို စိုးရိမ်လို့ အသင်းရဲ့ ဆေးအဖွဲ့တွေနဲ့ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ အခြေအနေကို ဆရာဝန်နဲ့လည်း ပြသထားပါတယ်။ ဒါကြောင့်ပဲ သူ့ကို လူစားလဲခဲ့တာပါ။ ကျွန်တော်တို့ သူ့ကို လာမယ့်ပွဲစဉ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့တာပါ။