ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၁ ဝင်ဘယ်ဒန် ပွဲစဉ်မှာ ပထမပိုင်း မပြီးခင်မှာတင် အဝတ်လဲခန်းထဲ ပြေးဝင်သွားတာဟာ အိမ်သာတက်ချင်လို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ကာရာဘောင်းပွဲ အဖြစ် လိဂ်-၂ကလပ် ဝင်ဘယ်ဒန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ မာဒူအက်ခီနဲ့ အန်ဇို ဖာနန်ဒက်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နောက်တဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီး ၂-၁ ဝင်ဘယ်ဒန် ပွဲစဉ်မှာ ပိုချက်တီနိုက အသင်းရဲ့ အဓိက ကစားသမား အများအပြားကို အနားပေးခဲ့ပြီး ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ မာဒူအက်ခီ ၊ ကူကူရယ်လာ ၊ အူဂိုချူကူ ၊ ကိုဝဲလ် ၊ မတ်ဆန် စတဲ့ ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးကာ ကစားစေခဲ့ပါတယ်။

ကစားသမား အင်အားချင်း ကွာခြားသလို အိမ်ရှင်လည်း ဖြစ်တာကြောင့် ချယ်လ်ဆီးက ပွဲစပွဲဆုံး ဝင်ဘယ်ဒန်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဝင်ဘယ်ဒန်က ပွဲချိန် ၁၉မိနစ်မှာ ပင်နယ်တီကနေ တဆင့် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် ၄၅+၁မိနစ်မှာ မာဒူအက်ခီက ပင်နယ်တီကနေ တဆင့် ချယ်လ်ဆီးအတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့သလို ပွဲချိန် ၇၂မိနစ်မှာ လူစားဝင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ချယ်လ်ဆီးအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Chelsea

ချယ်လ်ဆီး ၂-၁ ဝင်ဘယ်ဒန် ပွဲစဉ်မှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ပထမပိုင်း မပြီးခင်မှာပဲ အဝတ်လဲခန်းထဲကို အပြေးအလွှား ဝင်ရောက်သွားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ သတင်းထောက် တချို့က ဘာကြောင့် အဝတ်လဲခန်းထဲ အပြေးသွားခဲ့တာလဲလို့ မေးခဲ့ချိန်မှာတော့ ပိုချက်တီနိုက သူဟာ အိမ်သာတက်ချင်လို့သာ အဝတ်လဲခန်းထဲ ပြေးဝင်သွားခဲ့တာပါလို့ ရိုးရိုးသားသား ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်က အိမ်သာတက်ဖို့ လိုနေလို့ ပြေးဝင်သွားခဲ့တာပါ။ ကျွန်တော်က အိမ်သာတက်ချင်နေလို့ အဝတ်လဲခန်းထဲ အရင်ဆုံး ပြေးဝင်သွားတာပါ။ အိမ်သာတက်ပြီးတော့ ကျွန်တော်က ပထမပိုင်း ကစားပုံရဲ့ အချက်အလက်တွေကို ပြန်ကြည့်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုနေလဲ ဆိုတာ စဉ်းစားခဲ့ပါတယ်” လို့ ရယ်သွမ်းသွေးကာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။