ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အပြီးမှာ အဝါကတ် ၄ကတ် အထိ ထိထားတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ဟာ အဝါကတ်တွေကို အလွယ်တကူ ယူနေတဲ့ အကျင့်ကို သတိထား ဆင်ခြင်ရလိမ့်မယ်လို့ ချယ်လ်ဆီးနဲ့ ဗီလာပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ လာလီဂါကလပ် ဗီလာရီးရဲလ် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၇သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Sky Sports

နီကိုလပ်စ် ဂျက်ဆန်က ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက် ကစားခွင့် ရနေပြီး သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

နီကိုလပ်စ် ဂျက်ဆန်ရဲ့ ကစားပုံနဲ့ ခြေစွမ်းပိုင်းက လက်သင့်ခံလို့ ရတဲ့ အနေအထားမျိုးမှာ ရှိပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၅) အပြီးမှာ အဝါကတ် ၄ကတ် အထိ ထိခဲ့တာကြောင့် ချယ်လ်ဆီးက သူ့ရဲ့ စည်းကမ်းပိုင်း အားနည်းမှုကို တင်းကျပ်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Tribuna

ဒါကြောင့်ပဲ ချယ်လ်ဆီးနဲ့ ဗီလာ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက နီကိုလပ်စ် ဂျက်ဆန်ရဲ့ ကွင်းလယ်ဒိုင်တွေကို စောဒကတက်တဲ့ အကျင့်ကို ပြင်စေချင်ကြောင်းနဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး အဝါကတ် ၄ကတ် အထိ ထိခဲ့တာဟာ လက်သင့်ခံလို့ မရကြောင်း ပြောကြားရင်း ဂျက်ဆန်ကို သတိပေးသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့တွေ ဒီနေ့ပဲ သူ(ဂျက်ဆန်)နဲ့ အန်ဇိုတို့ကို ခေါ်ပြီး အဝါကတ်ပြဿနာတွေ အတွက် ဆွေးနွေးခဲ့ပါတယ်။ ဂျက်ဆန်က တိုက်စစ်မှူး တယောက် ဖြစ်ပေမယ့် ဒိုင်တွေကို စောဒက တက်ခဲ့လို့ အဝါကတ် ၄ကတ် အထိ ထိထားပါတယ်။ သူ့ရဲ့ အဝါကတ်တွေက မဖြစ်သင့်တဲ့ အဝါကတ်တွေ ဖြစ်သလို အဲ့ဒီ အဝါကတ်တွေကြောင့် အသင်းက ပိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျက်ဆန်က ငယ်ပါသေးတယ်။ သူက ထိပ်တန်း ကစားသမား တယောက် ဖြစ်လာမယ့်သူပါ။ ဒါကြောင့် သူက ခေါင်းအေးအေး ထားပြီး စိတ်အေးလက်အေး ကစားဖို့ လိုပါမယ်။ ကျွန်တော်တို့က လူငယ်ကြယ်ပွင့်တွေ အကြောင်း ပြောနေကြတာပါ။ အခုချိန်မှာ ရလဒ်တွေ ဆိုးနေတဲ့ အတွက် ခင်ဗျားတို့က ကျွန်တော့်ကို အပြစ်တင်လို့ ရသလို အားလုံးကို အပြစ်တင်ချင်လည်း ရပါတယ်။ ဒါပေမယ့် လူငယ်တွေ အတွက် အချိန်လိုအပ်ပါတယ်။ ကျွန်တော်တို့က အရည်အချင်း ရှိတဲ့ ကစားသမား အများကြီး ပိုင်ဆိုင်ထားပေမယ့် သူတို့တွေ အတွက် အချိန်တွေ လိုအပ်နေပါသေးတယ်။ ဂျက်ဆန်ကတော့ ဒိုင်တွေကို စောဒက မတက်ပဲ ခေါင်းသုံးပြီး ကစားဖို့ လိုပါတယ်။ ဒါက (ဒိုင်တွေကို ပြန်ပြောတတ်ခြင်း) သူ့ရဲ့ ဗီဇလည်း ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဒီရာသီမှာ စည်းမျဉ်းအသစ်တွေ အများကြီး ရှိနေပါတယ်။ သူက စပိန်ကနေ လာတဲ့ ကစားသမားမို့လို့ ဒီနိုင်ငံရဲ့ အမူအကျင့်တွေ ၊ စည်းကမ်းတွေနဲ့ အကျွမ်းတဝင် မရှိသေးပါဘူး။ ဒါကြောင့် သူက စည်းကမ်းတွေနဲ့ ပိုပြီး အကျွမ်းတဝင် ရှိဖို့ လိုပါတယ်။ တနင်္ဂနွေနေ့မှာတော့ သူ အဝါကတ် မထိဖို့ မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။