မကြာသေးခင်ကမှ ပြင်သစ်လီဂူဝမ်း ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်း ရဲ့ နည်းပြသစ် အဖြစ် တရားဝင် ကြေညာခြင်း ခံထားရတဲ့ အာဂျင်တီးနားလူမျိုးနည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ပထမဆုံး ပြုလုပ်တဲ့ အင်တာဗျုးမှာ သူ့ရဲ့ ကစားသမား အသစ်တွေ အပေါ်မှာ စတင်ပြီးတော့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် စပါး အသင်း ကို ထိပ်တန်း အသင်း တစ်သင်းဖြစ်လာအောင် ပြုစုပျိုးထောင် ကြိုးပမ်းပေးခဲ့တဲ့ နည်းပြ ဟောင်း ဖြစ်သူ ပိုချက်တီနိုဟာ နိုဝင်ဘာလ ကတည်းက အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပြီးတော့ စပါး အသင်းကနေ ထွက်ခွာအပြီးမှာ အသင်းကြီး အတော်များများရဲ့ နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံရဖို့ စိတ်ဝင်စားခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့်လည်း မကြာသေးခင်ကမှ ပီအက်စ်ဂျီ အသင်းဟာ အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာမန်လူမျိုးနည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကို ထုတ်ပယ်ခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်း ရဲ့ နည်းပြသစ် ဟာ ပိုချက်တီနို ဖြစ်လာနိုင်တယ်ဆိုတာကို ဘောလုံးရေးရာသုံးသပ်သူတွေ နဲ့ ဘောလုံး ပရိသတ်‌တွေတော်တော်များများက လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက် ကတည်းက ရိပ်မိခဲ့ကြပြီး ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အသင်းတာဝန်ရှိသူတွေ နဲ့ ပိုချက်တီနို အကြားမှာ စာချုပ်စာတမ်းကိစ္စတွေ၊ အပြောင်းအရွှေ့ကိစ္စ တွေ‌ ဆွေးနွေးနေတာကြောင့် အချိန်တစ်ခု ကြာမြင့်ခဲ့ရပါတယ်။

Photo Credit: Metro

စနေနေ့ မနက်ပိုင်းလောက်ကမှ ပိုချက်တီနို နဲ့ ပီအက်စ်ဂျီ အသင်း တာဝန်ရှိသူတွေ အကြား ‌အပြီးသတ်‌ ဆွေးနွေးခဲ့တာ ဖြစ်ပြီးတော့ ဆွေးနွေးအပြီး ၁ နာရီအကြာမှာတော့ ပီအက်စ်ဂျီ အသင်းဘက်ကနေ နည်းပြသစ်ဟာ ပိုချက်တီနို ဖြစ်ကြောင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်း နဲ့ နည်းပြ ပိုချက်တီနို တို့နှစ်ဦးဟာ ၁၈ လ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ပိုချက်တီနို ကတော့ ပီအက်စ်ဂျီ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ရှိကြောင်း ပြောဆိုထားပြီးတော့ ကစားသမားတွေ အနေနဲ့ သူ့ရဲ့ စည်းမျဥ်းစည်းကမ်း‌ တွ‌ေကို လိုက်နာကြဖို့ ပထမဆုံးပြုလုပ်တဲ့ အင်တာဗျုးမှာ ပြောဆိုလိုက်ပါတယ်။ “ စည်းကမ်း ရှိဖို့က အရေးကြီးဆုံး အရာ ဖြစ်ပါတယ်။ ကစားသမားတွေကြားမှာသာမက အသင်းရဲ့ ဝန်ထမ်းတွေ အပေါ်မှာပါ အချင်းချင်း လေးစားဖို့၊ ခင်မင်ရင်းနှီးဖို့ လိုအပ်ပါတယ်။ အဲ့ဒီအရာတွေအားလုံးဟာ အသင်းတစ်သင်းမှာ အစီအစဉ်တစ်ခုမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ ကျွန်တော် ကတော့ ခံစားမိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။