MySport Myanmar

အာဆင်နယ်ရဲ့ အရန်လူ စမစ်ရိုးလ်ကို ခေါ်ယူဖို့ အတွက် စဉ်းစားနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ အရန်ကစားသမား ဖြစ်သူ စမစ်ရိုးလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလေ ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက်အတွင်းမှာ ကိုင်စီဒို ၊ လာဗီယာ ၊ ဒီဆာဆီ ၊ နီကိုလပ်စ် ဂျက်ဆန် ၊ အူဂိုချူကူ ၊ ရော်ဘတ် ဆန်းချက်ဇ် ၊ ဝါရှင်တန် ၊ ပီထရိုဗစ် ၊ အန်ဂျလို ၊ အန်ကွန်ကူ စတဲ့ ကစားသမားတွေကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၄၁၇သန်း အထိ အသုံးပြုကာ ဝယ်ယူထားပါတယ်။

Photo Credit: Standard

ကစားသမားသစ် ၁၀ဦး အထိ ဝယ်ယူထားပေမယ့် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ပိုချက်တီနိုနဲ့ တာဝန်ရှိသူတွေက နောက်ထပ် ကစားသမားသစ် ၃ဦးလောက် အထိ ထပ်မံ ခေါ်ယူဖို့ စဉ်းစားထားကြပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailသတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အာဆင်နယ်မှာ အရန်ခုံ ထိုင်နေရတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် စမစ်ရိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးက စမစ်ရိုးလ် အပြင် ဘာစီလိုနာရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ရာဖင်ညာနဲ့ ဖာရန်း တောရက်စ်တို့ကိုလည်း ခေါ်ယူချင်နေကြောင်း သိရပါတယ်။

Photo Credit: The Ace

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် စမစ်ရိုးလ်က မကြာသေးမီကမှ အင်္ဂလန် ယူ-၂၁အသင်းနဲ့အတူ အသက် ၂၁နှစ် လူငယ် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲထားသူ ဖြစ်ပြီး သူက ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ်နေရာတွေမှာ ကစားနိုင်စွမ်း ရှိပါတယ်။

ချယ်လ်ဆီးက စမစ်ရိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို မကြာခင်မှာပဲ ရိုးလ်အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ဖွယ် ရှိနေပြီး အာဆင်နယ်ကတော့ စမစ်ရိုးလ်အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရမယ် ဆိုရင် ရိုးလ်ကို ရောင်းထုတ်နိုင်ချေ ရှိပါတယ်။

Exit mobile version