ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြသစ် ပိုချက်တီနိုက သူ့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ အဓိက တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ရိုးမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကိုင် ဟားဗက်ဇ် ၊ မေဆန်မောင့် ၊ ကူလီဘလီ ၊ မန်ဒီ ၊ ကန်တီ စတဲ့ ကစားသမားတွေကို ရောင်းထုတ်ထားသလို အခြား ကစားသမားများစွာကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးထားပါတယ်။

Photo Credit: Express

ဒါကြောင့် ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက ယခု နွေဈေးကွက် အတွင်းမှာ သူ့စိတ်ကြိုက် ကစားသမားတွေကို ခေါ်ကာ အသင်းကို ပြန်လည် တည်ဆောက်ခွင့် ရထားပြီး ပိုချက်တီနိုက အသင်းအတွက် အသင့်သုံး ကစားသမားတွေ အပြင် လူငယ်ကြယ်ပွင့်တွေကိုပါ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

ရိုးမားနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Roma Pressရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူ့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရိုးမားကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒိုင်ဘာလာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၂သန်းသာ ရှိတာကြောင့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေကလည်း ဒိုင်ဘာလာကို ခေါ်ယူပေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ဂျူဗင်တပ် ကနေ ရိုးမားဆီ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။

ဒိုင်ဘာလာက ရိုးမားနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်နေသေးပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁၂သန်းသာ ရှိတာကြောင့် ချယ်လ်ဆီးက ဒိုင်ဘာလာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ရုံနဲ့ ဒိုင်ဘာလာကို လွယ်လင့်တကူ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။