ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ပိုချက်တီနိုက မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အင်္ဂလန်အသင်းရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ အတွက် စိတ်ဝင်စားနေနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် အာဂျင်တီးနားလူမျိုး ထိပ်တန်းနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစကမှ ပီအက်စ်ဂျီ ကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပြီး သူဟာ ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ရပြီးနောက် သူနဲ့ သင့်တော်မယ့် အသင်းသစ် တသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေသူပါ။

Photo Credit: Mirror

ပိုချက်တီနိုက ပီအက်စ်ဂျီ ကနေ ထွက်ခွာခဲ့ရပြီးနောက် ကလပ်အသင်း တချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ပေမယ့် သူဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ ကလပ်အသင်း (သို့) နိုင်ငံအသင်း တသင်းကိုသာ ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာကြောင့် လတ်တလော ရထားတဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အင်္ဂလန်ရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေပြီး ပိုချက်တီနိုက ဆောက်ဂိတ်သာ မရှိတော့ရင် အင်္ဂလန်နည်းပြချုပ် ဖြစ်လာတဲ့ နည်းပြအနည်းစုထဲက တဦး ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Mirror

ပိုချက်တီနိုက အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆယ်စုနှစ် တစုနီးပါး ကျင်လည်ခဲ့သူ ဖြစ်တာကြောင့် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သလို သူ့ရဲ့ အင်္ဂလိပ် လူငယ် ကစားသမားတွေကို နေရာပေးလေ့ ရှိတဲ့ အကျင့်ကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေမှာ ရှိနေတဲ့ တာဝန်ရှိသူ တချို့က ပိုချက်တီနိုကို သဘောကျနေကြကြောင်းလည်း နီးစပ်သူတွေက ဆိုထားကြပါတယ်။

ဒါပေမယ့် အက်ဖ်အေက အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ရဲ့ ရာထူးကို ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှပဲ စဉ်းစားဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ အင်္ဂလန်ကသာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုမျိုး ရခဲ့ရင် ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြ နေရာမှာသာ ဆက်လက် ရှိနေဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။