စပါးအသင်းကို ဖျက်မြင်းအသင်းအဆင့်မှ အသင်းကြီးတစ်သင်းအဖြစ် စာရင်းဝင်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနိုကတော့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ​။ ပိုချက်တီနိုဟာ ရလဒ်ဆိုးတွေကြောင့် စပါးအသင်းကနေ ဇန်နဝါရီအပြောင်းအရွှေ့မတိုင်ခင်မှာပဲ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် သူ့ရဲ့ နည်းပြအရည်အသွေးကြောင့် ပိုချက်တီနို ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေ အများအပြားရှိသေးပြီး အဆိုပါအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်နေသေးတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ဂန္တဝင်ကစားသမားဖြစ်သူ ဆိုးလ်ရှားကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

အင်္ဂလန်သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုအရ မန်ယူအသင်းဟာ လက်ရှိမှာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို အာမခံချက်ပေးထားတယ်ဆိုပေမယ့် ရာသီကုန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါက ဆိုးလ်ရှား ကို ထုတ်ပယ်ကာ ပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် စဉ်းစားလို့နေကြောင်း သိရပါတယ်။

Photo Credit: Standard.com

ပိုချက်တီနိုနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ အဆိုအရလည်း ပိုချက်တီနိုဟာ မန်ယူအသင်းကို နည်းပြဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း နဲ့ သူ့ကိုသာ ကမ်းလှမ်းလာခဲ့ပါက ကျိန်းသေ လက်ခံမှာဖြစ်ကြောင်းလည်း သိထားရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ ပိုချက်တီနို ဟာ ရာသီကုန်ဆုံးချိန်မှာ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။