ပြင်သစ် အင်အားကြီးကလပ် ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ မော်ရီစီယို ပိုချက်တီနိုဟာ နည်းပြရာထူး လစ်လပ်နေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ပွဲမှာ ရမှတ် ၄မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းကို ရေရှည်ကိုင်တွယ်နိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေပါတယ်။

Photo Credit: Football London

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းနဲ့ အေဂျက်နည်းပြ တန်ဟက်တို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပေမယ့် မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ စိတ်ကြိုက်နည်းပြက ပိုချက်တီနို ဖြစ်ကြောင်း Sky Sports သတင်းဌာနက ယမန်နေ့ညမှာပဲ ဖော်ပြခဲ့ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခွင့် ရထားပေမယ့် ပြင်သစ်မြေမှာ ပျော်ရွှင်မှု မရှိပဲ အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

ပိုချက်တီနိုက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ ပိုချက်တီနိုကို လက်မလွှတ်လိုပဲ အကယ်၍ ပိုချက်တီနိုကို မဖြစ်မနေ လက်လွှတ်ရမယ် ဆိုပါက ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရမှသာ ပိုချက်တီနိုကို အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ် ရှိကြောင်း ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။