မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှားအပေါ်ကို အယုံအကြည် တဖြည်းဖြည်း ကင်းမဲ့လာတာကြောင့် စပါးနည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့ အချိန်မှာ ပိုချက်တီနိုကတော့ သူ့အနေနဲ့ အင်္ဂလန်ကို ပြန်လာပြီးတော့ နည်းပြလုပ်ချင်နေကြောင်း ပြောကြားလိုက်ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စပါးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရကာ မော်ရင်ဟိုနဲ့ အစားထိုးခြင်းကို ခံခဲ့ရသူပါ။ ပိုချက်တီနိုဟာ စပါးအသင်းကို ပွဲပေါင်း ၂၉၃ ပွဲ ကိုင်တွယ်ပေးခဲ့ပြီးတော့ အနိုင်ရနှုန်း ၅၄ အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ စပါးအသင်း ကိုအတူ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၂ ပွဲ ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၂ ပွဲမှာ ၁၁၃ ပွဲနိုင်၊ ၄၃ ပွဲ သရေ နဲ့ ၄၆ ပွဲ ရှုံးနိမ့် ခဲ့ပါတယ်။

Photo Credit: Standard

ပိုချက်တီနိုကို မကြာသေးခင်က ထိပ်တန်းကလပ် တွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ် နဲ့ ပီအက်စ်ဂျီ အစရှိတဲ့ အသင်းတွေက ချိတ်ဆက်မှုတွေ ရှိခဲ့ကြပြီးတော့ လက်ရှိမှာတော့ ဖိအားတွေအောက်ကို ကျရောက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းလည်း သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာပါတယ်။ နည်းပြအဖြစ် ပြန်လာဖို့ကို မျှော်လင့်နေသလားလို့ ပိုချက်တီနိုကို မေးတဲ့ အခါမှာတော့ ပိုချက်တီနိုက – “ ကစားပွဲမှာ တစ်ဖန်ပြန်ပါဝင်ဖို့ ကျွန်တော် အမြဲအဆင်သင့်ပါပဲ။ ကျွန်တော် ဘောလုံးကို ချစ်တယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုပါ။ ကျွန်တော့်ရဲ့ အလုပ် မဟုတ်ပါဘူး။ မင်း အလုပ်လုပ်နေတဲ့ အချိန်မှာ အဲ့ဒါက ဖိအား မဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းကို သွားရတာက ဖိအား မဟုတ်ပါဘူး။ ကစားပွဲ အတွက် ပြင်ဆင်ရတာက ဖိအားမဟုတ်ပါဘူး။ ယှဉ်ပြိုင်ရတာက ဖိအား မဟုတ်ပါဘူး။ ကျွန်တော် ကစားပွဲမှာ ပြန်ပါဝင်နိုင်ဖို့ အတွက် စောင့်ကြည့်နေပါတယ်။ ကျွန်တော် ကစားပွဲတွေကို ချစ်တယ် ”

Photo Credit: Standard

စပါး အသင်းဟာ ပိုချက်တီနို မရောက်ရှိခင်က ပရီးမီးယားလိဂ် ရာသီ ၂၂ ခုမှာ အဆင့် ၄ ထဲကို နှစ်ကြိမ်သာ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုရောက်လာပြီး နောက်မှာတော့ ရာသီ ၅ ခုမှာတင် အဆင့် ၄ ထဲကို ၄ ကြိမ်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်မှာ ဆောက်တန်တမ် အသင်း နဲ့ စပါး အသင်းတို့ကို နည်းပြခဲ့ပြီးတော့ အင်္ဂလန်မှာ ၆ နှစ်တာ ကျင်လည်ခဲ့ပါတယ်။ “ ကျွန်တော် ဒီနိုင်ငံမှာ အံ့ဩဖို့ ကောင်းတဲ့ သူတွေနဲ့ အံ့ဩစရာကောင်းတဲ့ ရိုးရာယဉ်ကျေးမှုတွေ ကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော် ဒီနိုင်ငံကို ချစ်နေပါပြီ ” လို့ ဆိုခဲ့ပါတယ်။