ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူဟာ ပြည်တွင်းဖလားတွေ ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ ၃လုံးစလုံးကို အရယူဖို့ စိတ်ကူးရှိကြောင်း နောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ပိုချက်တီနိုက ချယ်လ်ဆီးကို မကိုင်တွယ်မီမှာ အင်္ဂလန်ကလပ်တွေ ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ စပါးတို့ကို ကာလရှည် တာဝန်ယူ ကိုင်တွယ်ခဲ့ပေမယ့် အခုချိန်အထိ အင်္ဂလန်ရဲ့ ဆုဖလား တလုံးကိုမှ ရယူထားနိုင်ခြင်း မရှိပါဘူး။

Photo Credit: Sky Sports

ပိုချက်တီနိုက ဆောက်သမ်တန် ၊ စပါး စတဲ့ အသင်းတွေနဲ့ ဆုဖလားတွေ မရခဲ့ပေမယ့် ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကို ကိုင်တွယ်ချိန်မှာတော့ လီဂူးဝမ်း ၁ကြိမ် ၊ ပြင်သစ်ဖလား ၁ကြိမ်နဲ့ ပြင်သစ် စူပါဖလား ၁ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ အောင်မြင်မှုတွေ ရပြီးချိန်မှာ ပိုချက်တီနိုက အင်္ဂလန်နိုင်ငံဆီ တကျော့ပြန် ပြန်လည် ရောက်ရှိလာပြီး ဒီတကြိမ်မှာတော့ ပိုချက်တီနိုဟာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံးအသင်းတွေထဲက တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

Photo Credit: Standard

ချယ်လ်ဆီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးခဲ့လို့ ယခုနှစ်ရာသီမှာ ဥရောပပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရထားတာကြောင့် ပိုချက်တီနိုက ချယ်လ်ဆီးကို ပြည်တွင်းဖလားပြိုင်ပွဲတွေ ဖြစ်တဲ့ ပရီးမီးယားလိဂ် ၊ အက်ဖ်အေနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ အတွက်သာ ဦးဆောင်ပေးရမှာပါ။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပိုချက်တီနိုက သူဟာ ပရီးမီးယားလိဂ် ၊ အက်ဖ်အေနဲ့ ကာရာဘောင်း စတဲ့ ဆုဖလား ၃လုံးစလုံးကို လိုချင်ပြီး သူတို့အသင်းဟာ ဆုဖလားတွေ သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်က ကာရာဘောင်းဖလားကို လိုချင်တယ်။ အက်ဖ်အေဖလားကို ဆွတ်ခူးချင်တယ်။ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အချိန်တွေ မဖြုန်းပဲ ကြိုးစားနေကြပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။