ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ပိုချက်တီနို ဟာ ဗုဒ္ဓဟူးနေ့ညက မာဆေးလ် အသင်းနဲ့ ပြင်သစ်စူပါဖလား ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ၂ ဂိုး- ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြသစ် ဖြစ်သူ ပိုချက်တီနို က အသင်းရဲ့ အရင်နည်းပြဟောင်းဖြစ်သူ သောမတ်စ် တူချယ် ကို ကျေးဇူးတင်ကြောင်း ချီးကျုး ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းအတွက် အဖွင့်ဂိုး ကိုတော့ မော်ရို အီကာဒီ က ပွဲကစားချိန် ၃၉ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ကာ ဒုတိယမြောက် ဦးဆောင်ဂိုးကိုတော့ ၈၅ မိနစ်အရောက်မှာ နေမာ က ပင်နယ်တီက တစ်ဆင့် ရယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard

မာဆေးလ် အသင်းအနေနဲ့ ‌ပွဲကစားချိန် နောက်ဆုံး ၈၉ မိနစ်အရောက်မှာ ဒီမီထရီ ပါရက်က နောက်ကျ သွင်းဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း မာဆေးလ်တို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းအနေနဲ့ အဆိုပါ နိုင်ပွဲကြောင့် ပြင်သစ်စူပါဖလား ကို ၈ ကြိမ်ဆက်တိုက် ရရှိတဲ့ အသင်းအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ နည်းပြသစ် ပိုချက်တီနို အတွက် ပီအက်စ်ဂျီ အသင်းကို တာဝန်ယူ ကိုင်တွယ်တာ သုံးပွဲမြောက်သာ ရှိသေးတာဖြစ်ပြီး ပိုချက်တီနိုက ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း သောမတ်စ် တူချယ် ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးခဲ့ပါတယ်။ “ အသင်းရဲ့ ကစားသမားတွေ၊ အားကးစားဒါရိုက်တာ လီယိုနာဒို နဲ့ အသင်းဥက္ကဌဖြစ်သူ နာဆာ အယ်လ်-ခလေဖီ တို့ကို ကျွန်တော် ကျေးဇူးတင်ချင်ပါတယ် ”

Photo Credit: Standard

“ ကျွန်တော်တို့ကို ဒီပွဲစဉ်ကို ကစားခွင့်ပေးခဲ့တဲ့ သောမတ်စ် တူချယ်နဲ့ သူ့ရဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အကောင်ထည်ဖော်ချင်တဲ့ အကြံဉာဏ်တွေတိုင်းကို နေရာတိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဉာဏ်ကောင်းပြီးတော့ အလိုက်သင့်ကစားတတ်တဲ့ ကစားသမား အစုအဖွဲ့မျိုး ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့ အရမ်း ပျော်ကြပါတယ်။ တစ်ခြားဖလားတွေကိုလည်း အနိုင်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမယ့် ပထမဆုံး ကတော့ အမြဲတမ်းထူးခြားတယ်လေ။ ကစားသမားတွေ အနေနဲ့ ဒီနေ့ပွဲစဉ်မှာ ရင့်ကျက်မှု အတော်လေး ပြသနိုင်ခဲ့ပါတယ်၊ သူတို့ရဲ့ အမှားတွေကနေ သူတို့ ပြန်သင်ယူနိုင်ခဲ့တယ်။ ဒီ ဝန်ထမ်းတွေနဲ့ အတူ အနိုင်ရရှိလိုက်တာက ပိုပြီးတော့ ကြီးမားတဲ့ ပျော်ရွှင်မှုမျိုးကို ရစေပါတယ်၊ အဲ့ဒါကို စကားလုံးနဲ့တောင် ဖော်ပြဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ဒီအသင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ လူတစ်ဦး၊ ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်စေခဲ့ပါတယ် ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။