ယမန်နေ့ ညပိုင်းကမှ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ တရားဝင် နည်းပြဖြစ်လာသူ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ကတော့ အသင်းသစ်ထံ စတင် ရောက်ရှိတဲ့ အချိန်မှစကာ လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ သူ ခေါ်ယူမယ့် ကစားသမားတွေကို စာရင်း ပြုစုထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် ဟော့စပါးအသင်းကို ဖျက်မြင်းအသင်း အဆင့်ကနေ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း တစ်သင်း ဖြစ်လာအောင် ကြိုးပမ်းပေးခဲ့တဲ့ ပိုချက်တီနိုဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှ စတင်ကာ အသင်းလက်မဲ့ နည်းပြတစ်ဦး အဖြစ် ရှိနေသူ ဖြစ်ပြီး ယခု ၂၀၂၁ ခုနှစ်ကို ရောက်ရှိမှသာ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြသစ် အဖြစ် တာဝန်ယူရတာ ဖြစ်ပါတယ်။

Photo Credit: Football London

ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေတာဟာ ၂ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပေမယ့် ပီအက်စ်ဂျီ အသင်းက ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အတွက် ကြန့်ကြာနေတာဟာ ပိုချက်တီနိုနဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုတို့ ကြားမှာ အပြောင်းအရွှေ့ စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး ‌ဆွေးနွေးမှုတွေ ပြုလုပ်နေတာကြောင့် ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက်တွေက ဆိုထားကြပါတယ်။ ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ပိုချက်တီနိုဟာ စပါးအသင်းမှာ သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ အင်္ဂလန် ကွင်းလယ်လူ အလီနဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့ကို သူ့ရဲ့ ထိပ်တန်း ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Photo Credit: Football London

တစ်ချိန်က စပါးအသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်ခဲ့ဖူးတဲ့ အလီဟာ ပိုချက်တီနိုရဲ့ နေရာပေးမှုကြောင့် ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာသူ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူပါ။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ ပိုချက်တီနိုဟာ အလီကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ဖော်ပြ ထားကြပါတယ်။ ပိုချက်တီနိုရဲ့ နောက်ထပ် ပစ်မှတ်တစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမား တစ်ဦးဖြစ်ပြီး ပိုချက်တီနိုနဲ့ မက်ဆီဟာ အာဂျင်တီးနား နိုင်ငံသားတွေ ဖြစ်နေတာကြောင့် ပိုချက်တီနိုဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု ရှိနေတာလည်း ဖြစ်ပါတယ်။